အန်ကယ်ပညာ

 

ကျွန်တော်က သူတို့ကို"ပူးလေးတွေ၊ ယုန်လေးတွေ"ဟု ခေါ်သည်။ သူတို့ စားချင်ရာကိုစား၊ သွားချင်ရာကိုသွား၊ လုပ်ချင်တာကိုလုပ်ဖြင့် လိုချင်တာကိုရနေကြလျှင် တကယ့်ပူးလေးများ၊ ယုန်လေးများကဲ့သို့ပင် အလွန် ချစ်ဖို့ကောင်းကြသည်။

 

သို့ရာတွင် ထိုပူး၊ ထိုယုန်တို့သည် တစ်ခါတစ်ရံတွင် နဂါးများဖြစ်သွားလေ့ရှိကြသည်။ နဂါးဟုဆိုရာတွင် သာမန်နဂါးတော့မဟုတ်၊ ကာလနဂါးဟု ဆိုရလောက်သည်။ ညတွင် ညဉ့်နက်သန်းခေါင်အထိ မအိပ်ဘဲနေ၍ နေ့တွင် မွန်းတည့်ချိန်အထိ အိပ်ကြသည်။ ဤသည်ကိုပင် ရန်ကုန်စတိုင်ဟု ဆိုကြပေသေးသည်။ နံနက်ပိုင်းတွင် အကြောင်းရှိ၍ နှိုးလေသောအခါ နဂါးမှ ကျားနှင့် ခြင်္သေ့ ဘဝများသို့ ပြောင်းသွားကြပြန်သည်။ နှိုးသူကို ဟိန်းလိုက် ဟောက်လိုက်ကြသည်ဖြစ်ခြင်း။

 

သူတို့လိုချင်သည့်ကိစ္စတစ်ခုရှိလျှင်ကား ကျွန်တော့် အနားက မခွာတော့ဘဲ ပွတ်သီးပွတ်သပ်လုပ်ကာ တညောင်ညောင်ဖြင့် ကြောင်ဖြစ်ကြပြန်လေသည်။ ကျွန်တော် တစ်စုံတစ်ရာ အမှားလုပ်မိသည့်အခါများတွင် ကျီးကန်းအုပ်ဖြစ်သွားတော့၏။ ဝိုင်း၍သာ အာကြ လေသတည်း။


မည်သို့ပင်ဆိုစေကာမူ ကျွန်တော်က သူတို့ကို "ပူး ကလေးတွေ၊ ယုန်ကလေးတွေ"ဟုသာ ခေါ်မြဲဖြစ်သည်။ သူတို့ဟူသည့်နာမ်စားသည် ကျွန်တော်၏ သမီး သုံးယောက်ကို ကိုယ်စားပြုခြင်းဖြစ်၏။ သို့ရာတွင် ဉာဏ် နှင့်ယှဉ်၍ ကြည့်တတ်လျှင် ထိုနာမ်စားတွင် ကျွန်တော်၏ဇနီးသည်ကိုလည်း တွေ့ရပေလိမ့်မည်။ ကျမ်းလေး မည်စိုးသဖြင့် ဤအကြောင်း ဤမျှနှင့် ထားလိုက်ပေ ဦးမည်။

 

ကပျာကယာဟင်းလျာ

 

ဆက်ရမည်ဆိုလျှင် သူတို့တစ်သိုက်သည် ကျွန်တော်ရှိရာ နေပြည်တော်သို့ လွန်ခဲ့သည့်တစ်လခွဲခန့်က ရောက်လာကြ၏။ တက္ကသိုလ် စာမေးပွဲများ ဖြေဆို နေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါအကြောင်းပြု၍ ကျောင်းများပိတ်လိုက်ချိန်တွင် Stay at Home ကို မိသားတစ်စုလုံး နေပြည်တော်တွင်ပြုလုပ်ကြခြင်းဖြစ်၏။

 

Stay at Home ကာလဖြစ်၍ စားသောက်ဆိုင်များ ပိတ်ထားကြသည်။ အိမ်ထမင်း အိမ်ဟင်းနှင့် အိမ်တွင် ပြုလုပ်သည့်အစားအစာများကိုသာ စားဖြစ်ကြသည်။ သူတို့ရောက်ခါစ နှစ်ရက်၊ သုံးရက်တွင် ရန်ကုန်က ချက်ပြုတ်ယူလာသည့် ဟင်းလျာတို့ဖြင့် အဆင်ပြေနေ ကြသေးသည်။ နောက်ရက်များမှစ၍ ဟင်းလျာအသစ် ချက်ရတော့သည်။

 

ထိုအချိန်ကစ၍ ကျွန်တော်တစ်ယောက်တည်း နေစဉ်က ချက်ပြုတ်စားသောက်လေ့ရှိသည့် ကပျာကယာ ဟင်းလျာအချို့ကို သူတို့လျှာပေါ်သို့ တင်ပေးနိုင်သည့် အခွင့်အရေးရခဲ့လေသည်။ အမျိုးအမည်အားဖြင့် များများ စားစား မဟုတ်သလို ထူးဆန်းသည့် ဟင်းအမည်(မယ်) လည်း မဟုတ်ပေ။ ကြက်ဥခရမ်းချဉ်သီးမွှေကြော်၊ မုန်ညင်းရွက်ကြော်နှင့် လက်ဖက်သုပ်ဟူသည့် သုံးမျိုးသာ ဖြစ်ပါသည်။

 

ထိုသုံးမျိုးကိုလည်း တစ်ပြိုင်တည်းလုပ်ပေးခြင်းမဟုတ်ပါ။ ဇနီးသည်ချက်ပြုတ်ပေးသည့် ဟင်းလျာကို ကြည့်၍ တစ်နေ့လျှင်တစ်မျိုးသာ ထပ်ဆောင်းပေးသည့် သဘောဖြစ်ပါသည်။ သူတို့စားတော့မည်ဆိုမှ ပူပူနွေးနွေး စားနိုင်ရန် ကြော်လှော်ပေးလိုက်ခြင်းဖြစ်ပါသည်။

 

ထိုဟင်းပန်းကန်ကို ထမင်းစားပွဲပေါ်တင်ပေးလိုက် တိုင်း "ဒါကတော့ ခရေစားသောက်ဆိုင်က စပါယ်ရှယ် ကြက်ဥကြော်၊ ခရေဟိုတယ်က ကန်စွန်းပလိမ်း၊ ခရေအသုပ် စုံဆိုင်က လက်ဖက်နယ်"ဆိုပြီး ဟင်းအမည်တပ်ပေးလေ့ရှိ ပါသည်။ ကျွန်တော်နေထိုင်လျက်ရှိသည့် ခရေအိမ်ရာကို ဆိုင်အဖြစ် သတ်မှတ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။

 

မိသားစုတစ်စုလုံးစားလို့ရ

 

လက်ရာအပြောင်းအလဲကြောင့်ပေလား၊ အစပ်အဟပ် တည့်သည်လားတော့ မသိပါ။ ကျွန်တော် လက်စွမ်းပြသည့်ဟင်းလျာတို့ကို သူတို့ကြိုက်ကြောင်း ပြောကြပါသည်။ ဟင်းထည့် ပန်းကန်တို့ကလည်း တက်တက် ပြောင်ခြင်းဖြင့် ဟုတ်မှန်ကြောင်း သက်သေခံပေးကြပါသည်။ ထိုအချိန်မျိုးတွင် ကျွန်တော်က အောက်ပါအတိုင်း တစ်ပွဲချင်းကုန်ကျစရိတ်ကို တွက်ပြလေ့ရှိပါသည်-

 

"ကြက်ဥကြော်တစ်ပွဲအတွက် ကြက်ဥငါးလုံး၊ တစ်လုံး ၁၂၅ကျပ်နဲ့ ၆၂၅ကျပ်၊ ကျန်တဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ငံပြာရည်၊ဆီ၊ဆားနဲ့ မီတာခ အားလုံးနဲ့ပေါင်းရင် အကြမ်းဖျင်းတစ်ပွဲ ၁၀၀၀ကျပ်ပဲ ထားပါတော့။

 

ဒီကန်စွန်းရွက်ကြော်က တစ်စည်း ၁၀၀ကျပ်နဲ့ သုံးစည်း၊ ကျန်တဲ့ အမည်(မယ်)စုံနဲ့ပေါင်းရင်တစ်ပွဲ ၅၀၀ ကျပ် ထက်မပိုဘူး။

 

လက်ဖက်သုပ်ကလည်း အခုတစ်ပွဲအတွက် ထည့် သမျှအမည်(မယ်)စုံကို တန်ဖိုးတွက်ကြည့်ရင် ၅၀၀ ကျပ်လောက်ပဲကျတယ်။

 

ဆိုင်တွေက ဝယ်စားတာနဲ့ ဘာကွာလဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တာ၊ အစပ်အဟပ်တည့်ပြီး အရသာ ရှိတာ၊ အပြင်အဆင်ကောင်းတာတွေ အားလုံး တူတယ်ပဲ ထားတစ်ပွဲချင်း ကုန်ကျစရိတ်မှာတော့ အများကြီးသက်သာ သွားပြီ။

 

ဆိုင်ကမှာစားတော့ အချိန်ကုန်သက်သာတာပေါ့လို့ ပြောဦးမလား။ အခု ဖေဖေကြော်လိုက်လှော်လိုက် လုပ်တဲ့ အချိန်က မိနစ်ပိုင်းလေးပဲ ကြာတာမတွေ့ဘူးလား။ ပြီးတော့ ငါးရာဖိုး၊ တစ်ထောင်ဖိုးလေးနဲ့ အရသာလည်းရှိ မိသားစုတစ်စု လုံးလည်းစားလို့ရ ဘယ်လောက်ကောင်းလဲ။

 

သမီးတို့ အပြင်မှာသွားသွားစားပြီး တစ်ခါတစ်ခါရှင်းရ တဲ့ငွေတွေက နှမြောစရာကြီး။ အိမ်မှာ အခုလိုလေး သင့်တင့် အောင်စား၊ ရတဲ့မုန့်ဖိုးတွေစုထားရင် လိုချင်တာဝယ်လို့ ရတာပေါ့။

 

သမီးတို့ပြောတဲ့ ဘော်ဒါကဏ္ဍတို့၊ ရီလက်ဇေးရှင်းတို့၊ ရီခရီအေးရှင်းတို့အတွက် တစ်ခါတလေ အပြင်မှာစားတာ ကိုတော့ မပြောလိုပါဘူး။"

 

လှပစွာအမည်ပေး

 

မည်သည့်အတွက်ကြောင့်တော့မသိ။ တစ်ညနေတွင် သမီးလတ် က ကျွန်တော် ၏ ကပျာကယာဟင်းတစ်မျိုးဖြစ် သည့် ကြက်ဥခရမ်းချဉ်သီးကြော်နည်းကို သင်ပေးရန် ပြောလာပါသည်။ ကျွန်တော်က သူတို့သုံးယောက်စလုံးစုံမှ သင်ပေးမည်ဟု စျေးကိုင်လိုက်၏။ အကြောင်းမှာ ဟင်းချက် နည်းတစ်ခုကို သူတို့ညီအစ်မသုံးယောက်လုံး တစ်ချိန် တည်း တတ်မြောက်သွားစေလို၍ဖြစ်သည်။ ထို့အပြင် ကျွန်တော့်အနေဖြင့် သမီးတစ်ယောက်ချင်းစီကို အကြိမ် ကြိမ်ပြသပေးရန် အပျင်းထူသောကြောင့်လည်း ဖြစ်၏။

 

ကပျာကယာဟူ၍ ပြောရဦးမည်။ ထိုဝေါဟာရသည် ကြိယာနှင့်တွဲဖက်အသုံးပြုရသည့် ကြိယာဝိသေသနဖြစ်ပါ သည်။ သို့ရာတွင် ထိုဝေါဟာရ၏ မူရင်းအဓိပ္ပာယ်အတိုင်း မြန်မြန်ဆန်ဆန်ပြုလုပ်သည်ကို အမွှမ်းတင်လျက် နာမ်ဖြစ် သည့် ဟင်း၊ မုန့်တို့နှင့် အလွယ်တွဲပစ်လိုက်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် ရုံးလုပ်ငန်းလုပ်ကိုင်နေကြသည့် ဝန်ထမ်း များ အချိန်လု၍ အမြန်ချက်ပြုတ်စားသောက်လေ့ရှိသည့် ဟင်းလျာတစ်မျိုးမျိုးကို လှပစွာအမည်ပေးလိုက်သည့် သဘောသာဖြစ်ပါသည်။ ထားဦးတော့။

 

အတတ်ပညာ

 

ဤသို့အားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် Stay at Home ကာလတွင် သမီးသုံးယောက် သည် ကျွန်တော်၏ ကပျာကယာဟင်းတို့ကို သူတို့ ဘာသာ ချက်ပြုတ်စားသောက်နိုင်သည်အထိ တတ် မြောက်သွားကြလေသည်။ ဤသည်ကား ထူးခြားဆန်း ကျယ်လှသည်ဟု မဆိုနိုင်သော်လည်း Stay at Home ကာလတွင် သူတို့တတ်မြောက်သွားသည့် အတတ်ပညာ များဟု ဆိုရပေမည်။

 

ဤသို့နှင့် ကျွန်တော်၏ ပူးကလေးများ၊ ယုန်ကလေးများသည် Stay at Home ကာလတွင် နဂါးဖြစ်လိုက်၊ ကျားဖြစ်လိုက်၊ ကြောင်ဖြစ်လိုက်၊ ကျီးကန်း ဖြစ်လိုက်ဖြင့် နေလာကြစဉ် တစ်နေ့တွင် သမီးလတ် ဖြစ်သူက အွန်လိုင်းကြော်ငြာတစ်ခု၏ အိမ်အရောက်ပို့ဝန်ဆောင်မှုတစ်ခုကိုပြလျက် ပူဆာလေတော့သည်။ သမီးကြီးနှင့် သမီးငယ်တို့က ကြောင်လိုတစ်မျိုး၊ ကျီးကန်းလိုတစ်သွယ် ဘေးမှလှော်ပေးကြ၏။

 

ထိုကြော်ငြာမှာ စာပေတိုက်တစ်ခု၏ စာအုပ်များကို ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် အိမ်အရောက်ပို့ ဝန်ဆောင်မှု ဖြစ်သည်။ ကြော်ငြာစာအုပ်စာရင်းမှ သူတို့လိုချင်သည့် စာအုပ်အမည်စာရင်းနှင့် ကျသင့်ငွေကို တွက်ခိုင်းလိုက် သည်။ ထိုပမာဏသည် ကျွန်တော့်စိတ်တွင် ကြိုတင် သတ်မှတ်ပေးထားသည့် ဘတ်ဂျက်ထက်လျော့နည်း နေသည်ကို တွေ့ရသည်။ သို့အတွက် စာအုပ်မှာရန် ငွေမည်မျှသုံးခွင့်ပြုမည်ဟု ပြောလိုက်ပြီး ထိုငွေနှင့် ကိုက်ညီအောင် လိုချင်သည့်စာအုပ်စာရင်းကို ပြုစုခိုင်းကာ မှာခွင့်ပေးလိုက်သည်။

 

တန်ဖိုးနှင့် ယှဉ်သည့်

 

မှာပြီး သုံးရက်အကြာတွင် စာအုပ်များ အိမ်သို့ ရောက်လာလေသည်။ စာအုပ်များမှာ စက္ကူဂျပ်ဖာနှင့် တစ်လုံး အရေအတွက်အားဖြင့် အုပ် ၃၀ကျော်ဖြစ်၏။ ရောက်လာသည့် စာအုပ်ပုံကိုဖွရင်း သုံးယောက်သား ကျေနပ်နေကြလေ၏။ သူတို့သုံးယောက် စားသောက် ဆိုင်သို့ သုံးလေးကြိမ်မျှ သွားမစားဘဲ နေလိုက်လျှင် ဤစာအုပ်ပုံမျိုး တစ်ကြိမ်ဝယ်နိုင်ကြောင်း ပြောသောအခါ သုံးယောက်သား ကျီးကန်းဖြစ်ကြပြန်၏။

 

မည်သို့ပင်ဆိုစေကာမူ သူတို့အနေဖြင့် Stay at Home ကာလအတွင်း တန်ဖိုးနှင့်ယှဉ်သည့်အတတ် တစ်ခုကို တတ်မြောက်သွားကြသည်ကိုပင် ကျေနပ်မိ ပါ၏။ တန်ဖိုးနှင့်ယှဉ်သည့် အသိတစ်ခုကို ရကြ / မရကြ ကိုကား မသေချာပါပေ။ သို့ရာတွင် ကျွန်တော်၏ ပူးလေး များ၊ ယုန်လေးများသည် ရောက်ရှိလာသည့် စာအုပ်များ အကြားတွင် ကြမ်းပိုးလေးများဖြစ်သွားကြပြန်ပါသည်။ ကျွန်တော်သည်ကား ထိုကြမ်းပိုးလေးများ ကျားနှင့်ခြင်္သေ့ များဖြစ်မလာစေရန် အပြောအဆို အနေအထိုင် ဆင်ခြင် လျက်ရှိရပေသည်။ ။