သတင်းဆောင်းပါး- ရှင်မင်း
ဓာတ်ပုံ - မောင်ဖိုးဇော်(ကလေး)
ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား၊ သဘာဝအနေအထားအရ ဖွံ့ဖြိုး တိုးတက်မှုကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု လျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် “မြစ်ကိုမြင်လျှင် တံတားဆင် ပြည်ခွင်သာဖို့ လမ်းခင်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လမ်းများ၊ တံတားများ ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ လမ်းများနှင့်အတူ တံတားများအားလုံး တစ်ပြေးညီ တိုးတက်ကောင်းမွန်ရေးကို တံတားဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
“တံတားဦးစီးဌာနက လမ်းတွေနဲ့အတူ တံတားတွေ အားလုံး အနည်းဆုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား RC တံတား၊ PC တံတား၊ သံပေါင်တံတားအဆင့် ရောက်စေဖို့ ရည်မှန်းဆောင်ရွက်နေတယ်။ ဒီလို ဆောင်ရွက်ရာမှာ ၂၀၃၀ ပြည့်နှစ်ကို နောက်ဆုံး Target ထားပြီး ဆောင်ရွက်နေတယ်”ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောသည်။
တံတားဦးစီးဌာနအနေဖြင့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကချင်ပြည်နယ်ရှိ ဧရာဝတီတံတား(စင်းခန်း)၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရတနာသိင်္ခတံတား၊ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီ တံတား(ပခုက္ကူ)နှင့် ဧရာဝတီတံတား (မလွန်)၊ ရခိုင် ပြည်နယ်ရှိ စွန်ရဲတံတား၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဘုရင့်နောင် တံတားအမှတ်(၂)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လိန်းလီတံတား၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြန်မာ- လာအိုချစ်ကြည်ရေးတံတား၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ညောင်တုန်း)၊ ဘိုကလေးမြစ်ကူး တံတားအပါအဝင် ပေ ၁၈၀ နှင့်အထက် တံတား ၁၉၉ စင်း၊ ပေ ၁၈၀ အောက်တံတားနှင့် ရေပြွန် ၄၂၂ စင်း တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အနေဖြင့် နှစ်အလိုက်တည်ဆောက်သော တံတားအရေ အတွက် မကွာခြားသော်လည်း ယခုအစိုးရလက်ထက် တွင် Quality Management System ဖြင့် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ကာ ထိုစံချိန်စံညွှန်းများနှင့် အညီ လုပ်ဆောင်နေကြောင်း သိရသည်။
“အခုက Quality Management System နဲ့ အရည်အသွေး စံချိန်စံညွှန်းတွေထားရှိပြီး လုပ်ငန်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကြောင့် တံတား တွေရဲ့ အရည်အသွေးတွေ သိသိသာသာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ QMS အသုံးပြုနိုင်တဲ့ အတွက် တံတားခံနိုင်ရည်နဲ့ သက်တမ်းဟာ သိသိသာသာ တိုးတက်လာပြီး ရေရှည်မှာ Life Cycle Cost ဆိုတဲ့ ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျစရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်”
“ပြီးတော့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ရဲ့ အကြံဉာဏ်တွေနဲ့ တွန်းအားပေး တိုက်တွန်းမှုတွေကြောင့် တံတားပုံစံအမျိုးအစားသစ်တွေကို တီထွင်ဆန်းသစ်နိုင်ခဲ့ ပါတယ်။ ပုံမှန်သံမဏိသံပေါင် Steel Truss တွေအစား Steel Arch တံတားပုံစံတွေ ပြောင်းလဲခဲ့တဲ့အတွက် တံတား အင်ဂျင်နီယာပညာရပ်မှာ အရွေ့သစ်တစ်ခုအဖြစ် အသိ အမှတ်ပြုခြင်းခံရပါတယ်။ တံတားတည်ရှိရာနေရာက ဒေသခံပြည်သူလူထုတွေအနေနဲ့ အမြင်သစ် အလှရသ ခံစားရသလို သက်ဆိုင်ရာမြို့တွေအတွက် အထင်ကရ Landmark Structure ဖြစ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပုသိမ်တံတားအမှတ်(၂)၊ ပလက်ဝတံတား၊ စံပယ်ဂူတံတားတွေဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောပြသည်။
ယခုအစိုးရလက်ထက်
တည်ဆောက်ခဲ့သော တံတားများ
တံတားဦးစီးဌာနအနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် ပေ ၁၈၀ နှင့်အထက် တံတား ၃၇ စင်း၊ ပေ ၁၈၀ အောက် တံတား ၁၁၂ စင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပေ ၁၈၀ နှင့်အထက် တံတား ၃၅ စင်းနှင့် ပေ ၁၈၀ အောက် တံတား ၈၉ စင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ ခြောက်လဘတ်ဂျက်တွင် ပေ ၁၈၀ နှင့်အထက် တံတား ၁၃ စင်းနှင့် ပေ ၁၈၀ အောက် တံတား ၂၃ စင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပေ ၁၈၀ နှင့် အထက် တံတား ၃၅ စင်းနှင့် ပေ ၁၈၀ အောက် တံတား ၇၇ စင်း တို့ကို တည်ဆောက်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
“၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကုန်မှာတော့ ပေ ၁၈၀ နဲ့အထက် တံတား ၄၃ စင်းနဲ့ ပေ ၁၈၀ အောက် တံတား ၅၇ စင်း စုစုပေါင်းတံတားအစင်း ၁၀၀ တည်ဆောက် ပြီးစီးမှာ ဖြစ်ပါတယ်။ တံတားတွေ တည်ဆောက်တဲ့အခါ ကျောက်၊ သဲ၊ ဘိလပ်မြေ၊ သံချောင်းအစရှိတဲ့ တည်ဆောက်ရေးသုံးပစ္စည်းတွေ အရည်အသွေးပြည့်မီမှု ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး အသုံးပြုတည်ဆောက် လျက်ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာလည်း တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းကစပြီး အပေါ် ထည်ပိုင်းအထိ အဆင့်လိုက် အရည်အသွေး ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်မောင် ညွန့်က ပြောသည်။
တံတားများ တည်ဆောက်ရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အပ်နှံရန်ပုံငွေတို့ကို အသုံးပြုကာ ဘဏ္ဍာနှစ်အလိုက် တံတားဦးစီးဌာနက တည်ဆောက်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
J စာမျက်နှာ ၁၀ မှ
တံတားဦးစီးဌာနသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် တည်ဆောက်ခဲ့သော တံတားများကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၇ ဒသမ ၅၇၁ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၈၃ ဒသမ ၉၈၄ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၃ ဒသမ ၉၃၉ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေ ကျပ် ၉၅ ဒသမ ၈၆၀ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၅ ဒသမ ၇၈၇ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံ ငွေကျပ် ၂၄ ဒသမ ၇၅၇ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀၅ ဒသမ ၃၆၄ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၇၀ ဒသမ ၀၁၆ ဘီလီယံ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၂၁ ဒသမ ၇၄၆ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၅၅ ဒသမ ၃၈၆ ဘီလီယံ အသုံးပြု၍ တံတားများ တည်ဆောက်ခဲ့သည်။
“နှစ်အလိုက် တည်ဆောက်ခဲ့တဲ့ တံတားတွေ ထဲမှာ ပြည်သူတွေ ထင်သာမြင်သာရှိတဲ့ တံတားကြီး တွေလည်း ပါပါတယ်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ တည်ဆောက်ခဲ့တဲ့ တံတားတွေထဲမှာဆိုရင် တံတားကြီး တွေအနေနဲ့ ကချင်ပြည်နယ်ရှိ တဝမ်တံတား ပေ ၁၂၆၀၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းတံတား(ကလေးဝ) ၂၈၀၅ ပေ၊ မွန်ပြည်နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ၅၂၀၄ ပေ၊ ရခိုင်ပြည်နယ်ရှိ တောဖျား ချောင်းတံတား ပေ ၁၂၀၀ နဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ကုက္ကိုဝတံတား ၂၂၇၉ ပေ တို့လည်း ပါဝင်ပါတယ်” ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးချောင်းတံတား ပေ ၁၃၃၀၊ မိုင်းချောင်းတံတား ပေ ၁၀၀၀ ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ချီချောင်း တံတား ပေ ၁၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သကံချောင်းတံတား ပေ ၂၃၁၀ နှင့် စက်ဆန်းချောင်း တံတား ၁၇၈၂ ပေ တို့သည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တံတားဦးစီးဌာနက တည်ဆောက်ခဲ့သော တံတားများ အနက် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးသည့် ပေ ၁၀၀၀ ကျော် တံတားကြီးများ ဖြစ်သည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်း တံတား(ခန္တီး) ၂၆၅၁ ပေ နှင့် ဂျပန်နိုင်ငံ (JICA) အကူအညီဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံ တံတား (သာကေတတံတား) ပေ ၈၃၀ တို့ကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းတံတား (ဟုမ္မလင်း) ၂၇၆၃ ပေ၊ မကွေးတိုင်း ဒေသကြီးအတွင်း မုန်းချောင်းတံတား (ပွင့်ဖြူ) ပေ ၁၃၀၀၊ ယော(ကံတွင်း)တံတား ပေ ၉၀၀၊ မဲဇလီတံတား ပေ ၉၄၀၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆင်တဲဝ တံတား ၉၃၅ ပေ၊ ရခိုင်ပြည်နယ်အတွင်း ကြပ်စင်တံတား ပေ ၁၉၂၀၊ ဆတ်ရိုးကျတံတား ၁၆၄၂ ပေ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) ၁၉၆၉ ပေ နှင့် မြောင်းမြတံတားအသစ် ၂၇၂၃ ပေ တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့သည်။
“၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ပေ ၁၈၀ နဲ့အထက်၊ ပေ ၁၈၀ အောက်တံတား စုစုပေါင်းအစင်း ၁၀၀ တည်ဆောက်ပြီးစီးသွားမှာဖြစ်ပြီးတော့ ဒီတံတားတွေ အနက် ကယားပြည်နယ်ရှိ ကန္နာရဝတီတံတား ၃၀၅ ပေ၊ ကရင်ပြည်နယ်ရှိ နောင်လုံတံတား ပေ ၄၀၀၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတား ၁၉၄၃ ပေ၊ လည်မျိုတံတား ပေ ၂၄၀၊ ဒေါင်ဗားတံတား ပေ ၂၅၀၊ တနင်္သာရီတိုင်းဒေသကြီးရှိ သမုတ်လွတ်လွတ်တံတား ၁၂၈၇ ပေ၊ ပုလုံးတုံးတုံးတံတား ပေ ၂၄၀၀၊ တနင်္သာရီတံတား ၁၄၄၄ ပေ၊ ပဲခူးတိုင်း ဒေသကြီးရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ပေ ၁၂၀၀၊ ရွှေကျင်တံတား ပေ ၁၆၈၀ က တည်ဆောက်ပြီးပါပြီ။ ဒီလိုပဲ မကွေးတိုင်းဒေသကြီးရှိ မုံးချောင်းတံတား ပေ ၁၈၀၊ ဆည်ရိုး တံတား ပေ ၁၈၀၊ မန်းချောင်းတံတား ပေ ၄၂၀၊ သြစတြီးယား နိုင်ငံ ချေးငွေဖြင့် ရခိုင်ပြည်နယ်ရှိ ကင်းချောင်းတံတား ၁၂၅၆ ပေ၊ (၁၅) ဧရာဝတီတိုင်းဒေသကြီးရှိ လပွတ္တာတံတား (ပင်လယ်လေး) ပေ ၁၃၄၀ တို့ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ဆိုသည်။
တံတားများ တည်ဆောက်အကောင်အထည်ဖော် မှုကြောင့် ဆက်သွယ်သွားလာရေးသည် မခက်ခဲတော့ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ များ၏ လူမှုစီးပွားဘဝတိုးတက်ရန် များစွာအထောက်အကူ ပြုလျက်ရှိသည်။
“ကျွန်တော်တို့ဒေသက တနင်္သာရီတံတားအဟောင်း ကို လွန်ခဲ့တဲ့နှစ် ၂၀ လောက်က တည်ဆောက်ခဲ့ပြီး ဘေလီ တံတား တစ်လမ်းသွားတံတား ဖြစ်ပါတယ်။ အဲဒီတံတား ပေါ်မှာ ဖြတ်သန်းသွားလာတဲ့အခါ ၁၇ တန်၊ ၁၈ တန် လောက်ပဲ ဖြတ်သန်းသွားလာလို့ရတဲ့အတွက် ကုန်စည် ပို့ဆောင်ရေးမှာလည်း အခက်အခဲဖြစ်တာ၊ နှေးကွေးတာမျိုး ကြုံတွေ့ရတာရှိပါတယ်။ တစ်ဖက်က ဖြတ်နေရင် တစ်ဖက်က ရပ်ပေးထားတဲ့ ယာဉ်သွားလာမှုမှာ နှောင့်နှေး ကြန့်ကြာမှု ရှိပါတယ်”
“အခုတော့ တံတားသစ်ကြီး တည်ဆောက်ပြီးစီး လာပြီဖြစ်တဲ့အတွက် တံတားသစ်ကြီးရဲ့ အကျိုးကျေးဇူး ကတော့ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာမှာဖြစ်သလို ဖြတ်သန်းသွားလာမယ့် Container / Transporter စတဲ့ ယာဉ်ကြီးတွေ သွားလာနိုင်သလို လုံခြုံမှု၊ ဘေးကင်းမှု ပိုပြီးအားကောင်းလာမှာဖြစ်ပါတယ်” ဟု တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်မှ ဦးစိုးရီက ဆိုသည်။
မွန်ပြည်နယ်ရှိ အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတား ၂၁၁၃ ပေ၊ ချင်းပြည်နယ်ရှိ ဗားရ်အရံတံတား ၅၅၈ ပေ၊ ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ပေ ၈၀၀၊ မကွေးတိုင်းဒေသကြီးရှိ နွယ်တမယ်တံတား ပေ ၁၄၂၀၊ ရန်ကုန်တိုင်းဒေသကြီးရှိ ပဲခူးမြစ်ကူးတံတား (ဒါးပိန်သပြု) ပေ ၁၀၅၀၊ ရှမ်း ပြည်နယ် (တောင်ပိုင်း) ရှိ မိုင်းရှူးတံတား ၄၂၇ ပေ၊ ပွန်ချောင်းတံတား ပေ ၁၉၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်တံတား အမှတ်(၂) ၂၃၁၈ ပေ၊ ကျွန်းပြဿဒ်တံတား ၂၃၆၃ ပေ၊ စော်ကဲတံတား ၂၄၆၁ ပေ၊ ဝါးခယ်မတံတား ပေ ၁၉၀၊ ရွှေလောင်း တံတား ပေ ၃၀၂၀ တို့သည် မကြာမီတည်ဆောက် ပြီးစီးတော့မည့် တံတားများဖြစ်သည်။
တံတားဦးစီးဌာနသည် ပဲခူးမြစ်ကူးတံတားအမှတ် (၃)၊ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား၊ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်)တံတား၊ အတ္ထရံတံတားတို့ကို ODA ချေးငွေဖြင့် တည်ဆောက်ဆဲ ဖြစ်သည်။
ထို့အတူ နိုင်ငံတကာထောက်ပံ့ငွေဖြင့် ကွမ်းလုံ တံတားသစ်ကိုလည်း တည်ဆောက်သွားရန် စီစဉ်လျက် ရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။
တံတားဦးစီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ တည်ဆောက်ပြီးစီးခဲ့သည့် တံတားများ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း ပေ ၅၀ နှင့်အထက် တံတား ၅၄၃ စင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပေ ၅၀ နှင့် အထက်တံတား ၅၁၅ စင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ပေ ၅၀ နှင့် အထက်တံတား ၅၃၃ စင်း နှစ်စဉ် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“တံတားတွေ တည်ဆောက်ပြီးရင် ရေရှည်သုံးစွဲ နိုင်ဖို့အတွက် ကျွန်တော်တို့ ဦးစီးဌာနနဲ့အတူ ပြည်သူ တွေကိုပါ ပူးပေါင်းပါဝင်စေလိုပါတယ်။ တကယ်လို့ တံတားတွေမှာ အကြောင်းတစ်ခုခုကြောင့်၊ သဘာဝ ဘေးကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရင် ကျွန်တော်တို့ ဦးစီးဌာနကို ပြည်သူတွေအနေနဲ့ အမြန်ဆုံးအကြောင်း ကြားစေလိုပါတယ်။ သိသိချင်း ကျွန်တော်တို့အနေနဲ့ ပြုပြင်သွားမှာပါ။ ဒါမှသာ ရေရှည်သုံးစွဲနိုင်တဲ့ တံတား တွေ ဖြစ်မှာပါ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးနေအောင် ရဲမြင့်က ဆိုသည်။
တံတားများကို ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော် စွာ စစ်ဆေးခြင်းနှင့် အရေးပေါ်စစ်ဆေးခြင်းတို့ကို သတ်မှတ်အချိန်ကာလနှင့်အညီ တံတားဦးစီးဌာန ထိန်းသိမ်းရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တံတားဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်များကျရောက်၍ တံတားများ ပျက်စီးမှုဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ လတ်တလော ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း များကို သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာ ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် တံတားနှင့်လမ်းများပျက်စီးပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ပါက ဘေလီသံပေါင်ဖြင့် ယာယီတံတားများ ထိုးပေးရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တံတား အထူးအဖွဲ့များတွင် ဘေလီများ ကြိုတင်စုဆောင်းထားရှိ ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။ ။
ကြေးမုံ


