တွံတေး ၄ စက်တင်ဘာလ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက အလံအုပ်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊ လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက် များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ လည်ပတ်ရန်ပုံငွေ များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အလံအုပ် ကျေးရွာရှိ ချေးငွေအောင်မြင်သူ အသင်းသူ၊ အသင်းသား (၁၃၃)ဦးကို စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲလုပ်ကိုင်ရန် အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၄၅၀)ကို အတိုးနှုန်း သက်သာစွာ ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်


