တန့်ယန်း ၇   ဧပြီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီး နာယကဆရာတော် ဘဒ္ဒန္တကုသလ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)မှ ဦးဆောင်ဦးရွက်ပြုလျှက် (ဒုတိယ) အကြိမ်အဖြစ် ဒေသခံ တိုင်းရင်းသားပြည်သူ မျက်စိဝေဒနာရှင်များအား လူမျိုးမရွေး၊ ဘာသာမရွေး စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်းကို ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

4.7

 

ပထမအကြိမ်ကို ၂၀၁၈-ခုနှစ် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်များကဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နယ်မြေခံတပ်နယ်မှူးကြီးနှင့်စေတနာရှင်ပြည်သူများက စုပေါင်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနတို့၏ ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် မျက်စိခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မျိုးဝင်း ဦးဆောင်သည့် (မျက်စိကုသရေးအဖွဲ့)က လာရောက်၍ စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသ ဆောင်ရွက် ပေးမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆေးရုံအုပ်ကြီးနှင့် အရာရှိများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် ဆရာမများ၊ အသင်းအဖွဲ့များ၊ ပရဟိတလူငယ်အကျိုးဆောင် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်းလဲ သိရသည်။

မျက်စိကုသပေးခြင်းများကို ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ကြီးတွင် ဧပြီ ၂၃ မှ ၂၅ ရက်ထိ (သုံး)ရက်တိုင် စမ်းသပ်၊ စစ်ဆေး ကုသပေးမည်ဖြစ်ပြီး ခွဲစိတ်ကုသပေးရန် လိုအပ်သည့် မျက်စိ ဝေဒနာရှင် ပြည်သူများအား အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၂၅)တွင် ဆက်လက်ကုသပေးမည် ရာ လူမျိုးမရွေး၊ ဘာသာမရွေး မည်သူမဆို လာရောက်ပြသကုသနိုင်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)