နေပြည်တော် ၂၃ ဒီဇင်ဘာ
တပ်ကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက တပ်ကုန်းမြို့နယ်၊ အောင်သပြေကျေးရွာအုပ်စု၊ ဂိုဒေါင်ကျေးရွာအနီးတွင် ကျော်လင်းဦး မောင်းနှင်ပြီး ဝင်းဇော်ဦး လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၄၀၂ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးထောင် ကျေးရွာအနီးတွင် နိုင်ဝင်း မောင်းနှင်ပြီး ကျော်လတ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၉၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးထောင် ကျေးရွာနေ အမျိုးသားတစ်ဦးသည် အထုပ်တစ်ထုပ်အား ကိုင်ပြီးထွက်ပြေးသွားသည်ကို တွေ့ရှိ၍ လိုက်လံဖမ်းဆီးစဉ် အထုပ်အားပစ်ချခဲ့၍ စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၉၆၀ တို့ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ကိုးထောင်ကျေး ရွာနေ ထွန်းဝင်းနှင့် ဒေါ်သောင်းမေ တို့၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၆၉၉ ကီလိုနှင့် မြန်မာငွေကျပ် ၁,၃၅၀,ဝ၀ဝ တို့ကိုလည်းကောင်း၊
ထို့အတူ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပန်းလော့ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ် အနီး မူဆယ်- မန္တလေးလမ်းတွင် လောက်စီ မောင်းနှင်လာသည့် Mark-II အမျိုးအစားအဖြူရောင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၂၈ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊
အလားတူ ယင်းနေ့ ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ဇလဲ-အေးသာယာလမ်း၊ ပလီလင်း လမ်းဆုံတွင် လင်းထက်အောင် မောင်းနှင်ပြီး ကိုဖြိုး လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၃၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


