တပ်ကုန်း စက်တင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပညာရေးမှူးရုံးမှ ကြီးကြပ်၍ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား ဩဂုတ်လမှစ၍ လကုန်ရက်နောက်ဆုံးပတ်တိုင်း တစ်လလျှင် နှစ်ရက်နှုန်းဖြင့် အခြေခံကွန်ပျူတာ နည်းပညာဆိုင်ရာ သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

ကွင်းဆင်းကြည့်ရှု

ထိုသို့ ကွန်ပျူတာသင်တန်း သင်ကြားမှုနှင့် တတ်ကျွမ်းမှုများကို မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

အဆိုပါ သင်တန်းတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ သင်တန်းသား ကျောင်းအုပ်ဆရာကြီး ဆရာမကြီး စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ပြီး ကွန်ပျူတာသင်တန်း နည်းပြ ဆရာ ဆရာမ ခြောက်ဦးတို့က ကွန်ပျူတာကိုင်တွယ်နည်း၊ Microsoft Word ၊ Microsoft Excel ၊ Microsoft Power Point ရိုက်နည်းနှင့် ပြန်လည်ဆန်းစစ်ခြင်း၊ e-mail (Internet) ၊ Zoom- Meeting၊ Cyber Security အသုံးပြုနည်းနှင့် ပြန်လည်ဆန်းစစ်ခြင်းတို့ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)