နေပြည်တော် စက်တင်ဘာ ၆

 

KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် နိုင်ငံ၏အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် NLD အစွန်းရောက်တို့၏ ဆူပူ အကြမ်းဖက်ဆန္ဒပြမှုတို့၏ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများအား လူသားချင်း စာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး အဆိုပါထွက်ပြေး တိမ်းရှောင်လာသူများကိုအကြောင်းပြု၍ ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူကာ နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေးပဋိပက္ခဖြစ်လာစေရေး အကြမ်းဖက်သင်တန်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်၍ တိုက်ခိုက်ရေးအင်အားစုဆောင်းကာ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည်စီးဆင်းမှုနှင့် အစိုးရ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့၏စိတ်ကူးယဉ် စစ်ရေးရည်မှန်းချက်ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့ကိုသိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေး ပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေး စီမံဆောင်ရွက်လာခဲ့သည်။

 

ထိုသို့လုပ်ဆောင်ရာတွင် KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဦးစွာ ပြည်တွင်းမှ နိုင်ငံရေး အရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသားလူငယ်များ၊ DCS ပြုလုပ်လာသည့် ဝန်ထမ်းများအား နိုင်ငံရေး၊ စစ်ရေး မက်လုံးများပေးလျက် အစွန်းရောက်သွေးကြွစေပြီး အဆိုပါ လူငယ်များအား အကြမ်းဖက်သင်ခန်းစာ သင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ပြုလုပ်၍ တပ်မတော်အား နိုင်ငံရေးမှ အပြီးတိုင်ထွက်ခွာစေရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် စသည့် မက်လုံးပေးခြင်း၊ စည်းရုံးခြင်းဖြင့် KNU ၊ KNLA အကြမ်းဖက်အဖွဲ့၏ အင်အားတိုးပွား တောင့်တင်း ခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် KNU ၊ KNLA  နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ ကရင်ပြည်နယ် သံလွင်မြစ်အနီးရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ယူထားသည့် တပ်စခန်းကြီးများအား ၎င်းတို့လေ့ကျင့်သင်ကြားပေးထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ရှေ့ကာအသေခံတပ်အဖြစ် အသုံးချကာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ၂၈ ရက် ကြာ သင်္ဃန်းညီနောင်နှင့် မြဝတီ ဒေသရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် ရှေ့တန်းစခန်းဌာနချုပ်များ အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြဝတီဒေသရှိ တပ်မတော် သားများ၊ နယ်ခြားစောင့်တပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့၍ မြဝတီမြို့အနေဖြင့် ထိခိုက်ဆုံးရှုံးမှုမရှိသော်လည်း သင်္ဃန်းညီနောင် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ များလာခြင်း၊ မိသားစုဝင်များ ထိခိုက်သေဆုံးမှုရှိလာခြင်းနှင့် အချိုးမညီ အကြမ်းဖက်သောင်းကျန်းသူများ၏ အင်အားစုများကြောင့် သင်္ဃန်းညီနောင်တပ်နယ်အား ခေတ္တ လက်လွတ်ခဲ့ရသည်။

 

အလားတူ KNU ၊ KNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ် မြို့အား သိမ်းပိုက်နိုင်ရေး ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ အချိုးမညီအင်အားစုများဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ကော့ကရိတ် မြို့နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များ ရန်သူ့လက်တွင်းသို့ ကျရောက်မှုမရှိစေရေး အတွက် ရွပ်ရွပ်ချွံချွံ မြို့တွင်းခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးမှု များစွာဖြင့် ပထမအကြိမ် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။

 

တပ်မတော် စစ်ကြောင်းများအနေဖြင့် အောင်မြေချဲ့ထွင်ရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သင်္ဃန်း ညီနောင်အား ပြန်လည်ထိန်ချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်မှစ၍ အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင်လည်း ရာသီဥတုနှင့် မြေအနေအထားကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေသအခေါ် ရင်ကွဲတောင်အနီး တစ်ဝိုက် ထိုးစစ်အား ခေတ္တရပ်တန့်ကာ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ရသည်။

 

ထိုသို့ တပ်မတော်စစ်ကြောင်းများ၏ ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူ၍ KNU အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ၎င်းတို့၏ စစ်ရေးရည်မှန်းချက် ပြန်လည် အကောင်အထည်ဖော်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အချာ ကျသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား အပြီးအပိုင်သိမ်းပိုက်နိုင်ရေး ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်မှစ၍ သာလွန်အင်အားများအသုံးပြုပြီး လမ်းကြောင်းငါးကြောင်းဖြင့် ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုးနှင့် ကော့ကရိတ် ကြား အာရှလမ်းမကြီးအား ပိတ်ဆို့ဖြတ်တောက်၍ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အား အပြင်းအထန် ထပ်မံ တိုက်ခိုက်လာခဲ့ရာ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို ခုခံတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ရိုက်ချိုးနိုင်ခဲ့ပြီး ကျုံဒိုး-ကော့ကရိတ် လမ်ကြောင်းတစ်လျှောက်အား ဇူလိုင်လ ၂၄ ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

 

 

ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ၏ စစ်ရေးရည်မှန်းချက်များအား တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ချိုး နိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် စစ်ရေးအရှိန်အားတိုးမြှင့်ကာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်စုဖွဲ့ကာ ကော့ကရိတ်မှ သင်္ဃန်းညီနောင်အထိ စစ်ကြောင်းလေးကြောင်းဖြင့်လည်းကောင်း၊ မြဝတီမှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်းတစ်ကြောင်းဖြင့် လည်းကောင်း စစ်ကြောင်းများ ခွဲကာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှစ၍ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် ဟန်ချက်ညီစွာ အကြမ်းဖက်သမားများအား တစ်ဆင့်ပြီးတစ်ဆင့် လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ ၁၀ ရက် အကြာ ယနေ့မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းညီနောင် တပ်နယ်အားလုံးအား တပ်မတော်စစ်ကြောင်းများ က ပြန်လည်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အဓိကကုန်စည်စီးဆင်းရာ လမ်းမကြီးပေါ်တွင်ရှိသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

 

 

တပ်မတော်အနေဖြင့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်အတွက် KNU အကြမ်းဖက် သောင်းကျန်းသူများ၏ စိတ်ကူး ယဉ်အိပ်မက်ဖြစ်သော မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့အား သိမ်းပိုက်ကာ သီးခြားလွတ်လပ်သော ကော်သူလေး ပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေးအိပ်မက်အား အပြီးတိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။

 

အဆိုပါ ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင်မြို့အား ပြန်လည်ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် စစ်ဆင်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်း သူများထံမှ အလောင်း ၆၃ လောင်း၊ လက်နက် မျိုးစုံ ၅၇ လက်၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှအရာရှိ၊ စစ်သည်အချို့ နိုင်ငံအတွက် မြင့်မြတ်စွာ အသက် ပေးလှူခဲ့ကြပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှ လမ်းမကြီး တစ်လျှောက် ခေတ္တထိန်းချုပ်ထားစဉ် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံ ဖြင့်လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ်၌ သစ်ပင် သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ်ပိတ်ဆို့ခြင်း၊ အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရ သည်။

 

တပ်မတော် စစ်ကြောင်းများအနေဖြင့် အဆိုပါပြည်ထောင်စုလမ်းမကြီးဖွင့်လှစ်ပြီး နယ်စပ်ကုန်စည် စီးဆင်းမှု အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ဒေသခံ ပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွား မော်တော်ယာဉ်များ ဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

တပ်မတော်က အဆိုပါ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ် ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ ပြန်လည် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် တပ်မတော်အပေါ် အထူးပင် ကျေးဇူး တင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်