တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ကျင်းပ

နေပြည်တော်  ၁၉  ဒီဇင်ဘာ 

တပ်မတော်ဆေးတက္ကသိုလ်  ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဘုန်းပြည့်ကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ဝေယံပြည့်စုံ၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ကောင်းပြည့်စုံတို့အားဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်နှင့် တပ်မတော်က ဆေးပညာရပ်များနှင့် စစ်ပညာများကို အချိန်နှင့်ငွေကြေး အကုန်အကျခံပြီး လေ့ကျင့် သင်ကြားပေးခဲ့ရခြင်း ဖြစ်သကဲ့သို့ တပ်မတော်အရာရှိ ဆရာဝန်ဆိုသည့် ဂုဏ်သိက္ခာအား ထိန်းသိမ်းပြီး မိမိကိုယ်ကိုမိမိ တန်ဖိုးထား ဂုဏ်ယူတတ်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တပ်မတော်သားဖြစ်သည့် မိမိတို့ အနေဖြင့် အမိန့်နာခံမှု အားကောင်းပြီး မိမိတပ်ဖွဲ့၊ တပ်မတော်နှင့် တိုင်းပြည်အပေါ် သစ္စာရှိရှိဖြင့် စစ်သားကောင်းပီသစွာ ပေးအပ်လာသည့် မည်သည့်တာဝန်ကိုမဆို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း။

ဆေးပညာဘွဲ့ အပ်နှင်းသည့် အခမ်းအနားတိုင်းတွင် သစ္စာပြုရသည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲလက်ကိုင်ပြုပြီး Medical Ethics  ဟုခေါ်သည့် ဆေးပညာ ကျင့်ဝတ်၊ Research Ethics ဟုခေါ်သည့် သုတေသန ကျင့်ဝတ်များကို စောင့်ထိန်း လိုက်နာပြီး စေတနာ၊ အကြင်နာ၊ ဂရုဏာ နှင့် ကိုယ်ချင်းစာမှုများ ထားရှိဆောင်ရွက်ပေးသွားရန် မှာကြားလိုကြောင်း၊ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့များဖြင့် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးတွင် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထို့ကြောင့် တာဝန်ကျရာ တပ်အသီးသီးသို့ ရောက်ရှိပါက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြ  အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ညပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

(သတင်းစဉ်)