နေပြည်တော် ၂၁ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ်မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ULAN-UDE Aviation Plant ၌ ရဟတ်ယာဉ်များ ထုတ်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းရဟတ်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး စက်ရုံမှထုတ်လုပ်သည့် Mi 171 ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်း၍ အူလန်အူဒယ်မြို့ရှုခင်းများအား ကြည့်ရှုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် စုပေါင်းဓာတ်ပုံရိုက်ကြပြီး ULAN-UDE Aviation Plant အတွင်းရှိ သင်တန်းခန်းမများအတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Burya Tiya ပြည်နယ်ဝန်ကြီးချုပ် Mr.Aleksey Sambuevich Tsidenov က တည်ခင်းဧည့်ခံ သည့်အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Burya Tiya ပြည်နယ်သည် စက်မှုလက်မှုလုပ်ငန်းများထွန်းကားပြီး လေယာဉ်၊ ရဟတ်ယာဉ်များအား အစအဆုံး ထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများတည်ရှိသည့် စက်မှုလုပ်ငန်းထွန်းကားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၅ ရာခိုင်နှုန်းခန့်ရှိပြီး အဆိုပါပြည်နယ်အတွင်း လူဦးရေ ၉ သိန်း ၈ သောင်းကျော်နေထိုင်ကာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု အများဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အူလန် အူဒယ်ဘူတာမှနေ၍ အီကုခ်မြို့သို့ အမြန်ရထားဖြင့်လိုက်ပါစီးနင်းကြပြီး ကမ္ဘာ့ အနက် ဆုံးနှင့် အကြီးဆုံးရေချိုရေကန် Baikal ၏ သဘာဝပတ်ဝန်းကျင်နှင့် နယ်မြေဒေသ အခြေအနေများအား ကြည့်ရှုလေ့လာသည်။
အဆိုပါ Baikal ရေကန်သည် ရုရှားနိုင်ငံ၊ အရှေ့ဆိုက်ဘေးရီးယား၏ အရှေ့ဘက်၊ Burya Tiya ပြည်နယ်နှင့် Irkutsk ဒေသနှစ်ခုအကြားတွင်တည်ရှိပြီး ကမ္ဘာ့အနက်ဆုံးနှင့်အကြီးဆုံး ရေချိုရေကန်တစ်ခုဖြစ်ကာ အလျား ၆၃၆ ကီလိုမီတာ၊ အနံ ၇၉ ဒသမ ၅ ကီလိုမီတာ၊ စုစုပေါင်းအကျယ် ၃၁၇၂၂ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး အနက်ဆုံးနေရာမှာ ၁၆၄၂ မီတာရှိသည်။ ဆောင်းရာသီကာလတွင် အပေါ်ယံရေ မျက်နှာပြင်ထု ၃ မီတာခန့်အထိ ရေခဲများဖြစ်ပေါ်လျက်ရှိပြီး ကန်၏ပတ် လည်ရှိ သဘာဝသစ်တောများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထိန်းသိမ်းထားရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
(သတင်းစဉ်)


