နေပြည်တော် ၉ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီး ဌာနစစ်ဦးစီးချုပ်တို့သည် Ba Yi ခန်းမဆောင်ရှိ အစည်းအဝေး ခန်းမတွင်တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် နှစ်ရပ်ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံဗဟိုစစ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) General Xu Qiliang နှင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ် တိုးတက်ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာရေးရာဌာန ဝန်ကြီး H.E. Mr. Song Tao နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာန ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများရှိမှသာ ဖွံ့ဖြိုးတိုးတက်မည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာန နိုင်ငံတကာရေးရာဌာန ဝန်ကြီးက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့အား တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


