နေပြည်တော် ၁၁ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Nanyuan တပ်မတော်လေဆိပ်မှ ထွက်ခွာကြရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရုံး ညွွှန်ကြားရေးမှူး Major General Ci Guowei နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် အန်ရွှမ်းမြို့ရှိ Huangshu လေဆိပ်သို့ရောက်ရှိကြရာ ကွေ့ကျိုးပြည်နယ် စစ်ဒေသအကြီးအကဲနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အန်ရွှမ်းမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြပြီး အန်ရွှမ်းမြို့ ရထားဘူတာရုံမှ ကွေ့ယန်းမြို့ရှိ မြောက်ပိုင်းဘူတာရုံသို့ လျှပ်စစ်အမြန်ရထားဖြင့် လိုက်ပါစီးနင်းလေ့လာကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွေ့ယန်းမြို့ မြောက်ပိုင်းဘူတာရုံသို့ ရောက်ရှိကြရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


