နေပြည်တော် ၁၂ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကွေ့ယန်းလေဆိပ်မှ ထွက်ခွာကြပြီး ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်သို့ရောက်ရှိကြရာ တောင်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဒုတိယဌာနချုပ်မှူး Maj. Gen. Tao Guang နှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုး တက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေ ၊ နယ်စပ်ဒေသကာကွယ်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေနှင့် တပ်မတော် နှစ်ရပ်အကြား ယဉ်ကျေးမှု၊ အားကစားနှင့် ကျန်းမာရေးကဏ္ဍများ၊ အခြား ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များအားတိုးမြှင့်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


