နေပြည်တော် ၂၆ မတ်
ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကျောက်တော်မြို့နယ် ကျီးရာပြင် ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့အား AA အဖွဲ့က မတ် ၂၅ နှင့် ၂၆ ရက်တို့တွင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အဖွဲ့ထံမှ အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ (၃)လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်လုံခြုံရေးစစ်ကြောင်းသည် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ရေစိုးချောင်းကျေးရွာ အနောက်တောင်ဘက် ငစံဘော်ချောင်း၏ အရှေ့ဘက်ကမ်းသို့ ရောက်ရှိစဉ် ငစံဘော်ချောင်းတစ်ဖက်ကမ်း ဓနိတောမှ AA အဖွဲ့မှ ၁၀ ဦးခန့်က စတင်ပစ်ခတ်ခဲ့ပြီး ၁၀ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ AA အဖွဲ့သည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းများက လုံခြုံရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိကြောင်း။
ယနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ ကျီးရာပြင်ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့အင်အား ၁၅၀ ခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း။
ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ AA အဖွဲ့ထံမှ အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ ၃ လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနှင့် အနီးပတ်ဝန်းကျင်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
AA အဖွဲ့အနေဖြင့် မြို့၊ ရပ်ကွက်၊ ကျေးရွာနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တိုက်ခိုက်ခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်း စသည့် အဖျက်အမှောက် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာ ၎င်းတို့၏ လုပ်ရပ်များကို ဟန့်တားထိန်းချုပ်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား မကြာခဏပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းစေရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


