တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

နေပြည်တော် မတ် ၂၇

ယနေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက်ဂါရဝပြုကန်တော့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားရာ၌ တပ်မတော်၏အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် တပ်မတော်၏ တာဝန်များကို အစဉ်အဆက်ဆက်ခံခဲ့ကြသူများဖြစ်ပြီး ယခုအခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်များမှ ထိန်းသိမ်းကာကွယ်ခဲ့ရပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေးကိုကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများအနေဖြင့် ယခုကဲ့သို့တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက်ချီးမြှင့်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာဂါရဝပြု ကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီး ညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း တပ်မတော်နေ့ရောက်သည့် အချိန်တိုင်းတွင် မိမိတို့ကဲ့သို့ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများအားဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ ကောင်းမြတ်သည့် ဂုဏ်ယူဖွယ်အစဉ်အလာကောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် အခြားဩဝါဒစကားများကို ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာဂါရဝပြုပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည့် အခမ်းအနားတက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်