သထုံ ၂၅ မတ်
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကာ (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် အခြေခံကဗျာရေးနည်းသင်တန်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်၊ နံနက်က ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက ဦးစောဘသိန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် စာပေချစ်မြတ်နိုးသည့် စိတ်များရင့်သန်လာစေရန် ရည်ရွယ်ကာ ကျောင်းသား ကျောင်းသူများအား အခြေခံကဗျာရေးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးအေးမြင့်က သုတနှင့် ရသနှင့် ဖျော်ဖြေရေးဆိုင်ရာ ကဗျာများ၏ ကွဲပြားခြားနားမှု၊ ကလေးကဗျာများ၏ အကျိုးကျေးဇူးများတို့ကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူတို့က (၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု ဗဟိုဌာနခန်းမနှင့် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာပေများတို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါသင်တန်းတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၅ ဦးတို့ တက်ရောက်သင်ကြားခဲ့ကြပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ကဗျာပညာရှင် လေးဦးတို့က မတ်လ ၂၅ ရက်နေ့မှစတင်ကာ ၁၀ ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


