နေပြည်တော် ၁၉ ဧပြီ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရ ထပ်မံစိစစ်ရန် လိုအပ်သဖြင့် တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ် ၁၈ ရက်မှစတင်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း။
ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထား၊ အချက်အလက်များကို စုံစမ်းစစ်ဆေးရေးခုံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ အီးမေးလ်မှ တစ်ဆင့်ဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပေးပို့တင်ပြနိုင်ကြောင်းကို စုံစမ်းစစ်ဆေးရေးခုံရုံးက ၂၀၁၉ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ဖိတ်ခေါ်ထားကြောင်း။
စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရ လိုအပ်သည့် သက်သေခံ အချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ၊ ဥပဒေကြောင်းဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် လေးဦးပါဝင်သည့် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ကြောင်း၊ အဖွဲ့ဝင်လေးဦးမှာ လက်ထောက်စစ်ဥပဒေချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း၊ ဒုတိယလက်ထောက်စစ်ဥပဒေချုပ် ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) ဗိုလ်ကြီးကျော်ကျော်လင်း၊ စစ်ဥပဒေ အရာရှိ ဗိုလ်ကြီးဒေါ်သဇင်ဆွေ တို့ဖြစ်ကြောင်း။
ဥပဒေအကြံပေးအဖွဲ့၏ တာဝန်များ မည်သည့်သက်သေများကို စစ်မေးသင့် ကြောင်း အကြံပေးရန်၊ မည်သည့် သက်သေခံအထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊ မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန်၊ သက်သေများကိုစစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်၊ အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများ ပေးရန်တို့ဖြစ်ကြောင်း၊ ယင်း ဥပဒေအကြံပေးအဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် စစ်ဥပဒေချုပ်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)


