နေပြည်တော် ၁ မတ်
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရှေ့ပြေးဥပဒေရုံးများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် အမှုတွဲစီမံခန့်ခွဲခြင်း (Case Management) လုပ်ငန်းကို USAID နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းစီမံခန့်ခွဲမှု ကောင်းမွန်ခြင်းဖြင့် တရားမျှတမှုကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရှေ့ပြေးဥပဒေရုံးများအဖြစ် ပြင်ဦးလွင်ခရိုင်၊ ချမ်းအေးသာစံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် ဥပဒေရုံးများတွင် အမှုတွဲစီမံခန့်ခွဲခြင်းလုပ်ငန်း အကောင်အထည်ဖော်မှုများ၊ မော်လမြိုင်ခရိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုသိမ်ခရိုင်၊ ထားဝယ်ခရိုင်နှင့် တောင်ကြီးခရိုင် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံးများအဖြစ် တိုးချဲ့ဆောင်ရွက်နေမှုများ၊ ကြီးလေးသော ရာဇဝတ်မှုခင်းများတွင် နစ်နာသူနှင့် သက်သေများကို အမှုမစစ်ဆေးမီ ကြိုတင်ပြင်ဆင်ပေးခြင်း (Pretrial Interviews) နှင့်စပ်လျဉ်း၍ ဥပဒေအရာရှိများ၏ ကျင့်သုံးဆောင်ရွက်မှုများ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေးအတွက် ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာကျင့်သုံးနေမှုများ၊ ရှေ့ပြေးဥပဒေရုံးများ စီမံကိန်း၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


