၂၁  မတ်


တရားဝင် တင်သွင်း/ထုတ်လုပ်ထားသော ဆေးနှင့်ဆေးပစ္စည်း ဈေးပွဲတော်ကို ပထမအကြိမ်အဖြစ် တပ်မတော်ခန်းမတွင် ဧပြီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင် က ပြောသည်။ 


“ကျွန်တော်တို့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို Promote လုပ်ပေးဖို့အတွက်လည်း ရည်ရွယ်ချက် ရှိပါတယ်၊ ဒီ Promote လုပ်ပေးဖို့အတွက်ကို ဒီတရားဝင် တင်သွင်းလာတဲ့ တရားဝင် ထုတ်လုပ်နေတဲ့ ဆေးပစ္စည်းတွေကို ဒီလို Promote လုပ်ပေးဖို့အတွက်ကိုလည်း ဒီဈေးရောင်းပွဲတော်ကို ပြုလုပ်ခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ အခုဆိုရင် အွန်လိုင်းမှာ အင်တာနက်တွေမှာ တရားမဝင် အရောင်းအဝယ် Register မရှိတဲ့ ဆေးတွေ ဆေးပစ္စည်းတွေ နောက်တစ်ခါ Quality အရည်အသွေးကို စစ်ဆေးထားခြင်း မရှိသေးတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ရောင်းချနေတာကို တွေ့ရှိရပါတယ်၊ အဲဒီဟာတွေကြားမှာ တရားဝင်တင်သွင်း ထုတ်လုပ်ထားတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေက ဒီအွန်လိုင်းက အရောင်းတွေကိုလည်း ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်၊ အဲဒီအတွက်ကို ကျွန်တော်တို့က တရားဝင် တင်သွင်း ထုတ်လုပ်ထားတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေကို Promote လုပ်ပေးချင်တဲ့အတွက် သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီဈေးပွဲတော်ကို ကျင်းပခြင်း ဖြစ်ပါတယ်”ဟု ဦးဇော်မိုးခိုင် က ပြောသည်။


အဆိုပါ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ဆေးဝါးနှင့်ဆေးပစ္စည်းများ တရားဝင် တင်သွင်း/ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို အားပေးရန်၊ Pharmaceutical Industry ကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီဆောင်ရွက်ပေးရန်၊ FDA အသိအမှတ်ပြုသော ဆေးဝါးနှင့်ဆေးပစ္စည်းများကို သုံးစွဲသူပြည်သူများထံသို့ တိုက်ရိုက်ဝယ်ယူ ရောင်းချပေးနိုင်ရန်နှင့် ဆေးဝါး ဆေးပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဗဟုသုတများ ပိုမိုတတိုးပွားရရှိလာစေရန်  ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင် က ပြောသည်။


ထို့ပြင် ဈေးပွဲတော်ကျင်းပသည့် ရက်များအတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတ ရစေမည့် အသိပညာများအား ဟောပြောပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းကြိုင် က ပြောသည်။


အဆိုပါ ဈေးပွဲတော်တွင် တရားဝင် တင်သွင်း/ထုတ်လုပ်ထားသော ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ဖြည့်စွက်စာများ၊ သွားနှင့် ခံတွင်း ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ဓါတ်ခွဲသုံးပစ္စည်းများ၊ အရေပြားနှင့် အလှအပဆိုင်ရာဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများအပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပါဝင်ပြသကြမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၅၀ ကျော် ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းကြိုင် က ထပ်မံပြောကြားသည်။


ထို့ပြင် ဈေးပွဲတော်၌  ပြခန်းယူထားသူများအနေဖြင့် မြန်မာနိုင်ငံ FDA အသိအမှတ်ပြု တရားဝင် ဆေးဝါးများနှင် ဆေးပစ္စည်းများအား အထူးဈေးနှုန်း၊ Special Discount, Special FOC, လက်ဆောင်ပစ္စည်းများ ပေးခြင်းဖြင့် သုံးစွဲသူ ပြည်သူများထံသို့ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။


Nyein Nyein