၂၀ ဇန်နဝါရီ

တရုတ်နိုင်ငံတွင် ဆားရောဂါ (SARS) ကဲသို့ ပြင်းထန်ကူးစက်ရောဂါပျံ့နှံ့မှု တရားဝင်ထုတ်ပြန်ချက်ထက် ပိုမိုများပြားနေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ 

 

779

 

တရုတ်နှစ်သစ်ကူးချိန်မှာ သန်းချီတဲ့ တရုတ်နိုင်ငံသားတွေဟာ နိုင်ငံတွင်းခရီးသွားကြမှာဖြစ်သလို တချို့က နိုင်ငံရပ်ခြားရှိ မိသားစုဝင်တွေဆီ အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို ခရီးသွားလာရေးနဲ့ပတ်သတ်ပြီး တားမြစ်မှုတွေ မရှိသေးဘူးဖြစ်ပါတယ်။  ဟောင်ကောင်အာဏာပိုင်တွေက တရုတ်နိုင်ငံကနေ ရောက်ရှိလာတဲ့ ခရီးသည်တွေရဲ့ ကိုယ်အပူချိန် တိုင်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်။ 

 

3026

 

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး တရုတ်နိုင်ငံ ဝူဟမ်မြို့ကနေ အမေရိကန်နိုင်ငံဆီကို တိုက်ရိုက်ဆိုက်ရောက် လာမယ့် ဆန်ဖရန်စစ္စကို လေဆိပ်နဲ့ နယူးယောက် JFK လေဆိပ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို ဆက်နွယ် လေကြောင်းလိုင်းများ ဆိုက်ရောက်ရာ လော့စ်အန်ဂျလိစ်လေဆိပ်မှာလည်း စစ်ဆေးမှုတွေ လုပ်ဆောင် နေပါတယ်။ 

အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးကတ်နဲ့ ကရာဘီ အပမ်းဖြေစခန်းတွေမှာလည်း တရုတ်ခရီးသွားတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ 

တရုတ်နိုင်ငံ ဝူဟမ်မြို့တွင် တွေ့ရှိရတဲ့ ဆားရောဂါလိုမျိုး ပြင်းထန်ကူးစက်ရောဂါပိုးဟာ အရင်ကမတွေ့ဖူးသေးကြောင်း၊ အဲဒီရောဂါပိုးဟာ ဝူဟမ်မြို့ရှိ ဈေးတစ်ဈေးမှာ ရောင်းချခဲ့သော တိရစ္ဆာန်ကနေ လူဆီကို ကူးစက်ခဲ့တာဖြစ်နိုင်ကြောင်း ကုလသမဂ္ဂရဲ့ ကျန်းမာရေးဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပြောဆိုပါတယ်။ 

ပင်လယ်စာရောင်းဝယ်တဲ့ ဝူဟမ်မြို့ကဈေးမှာ ဆားရောဂါလိုမျိုး ကူးစက်ခံရသူ အနည်းဆုံး ၄၅ ဦးရှိပြီး နှစ်ဦး ကတော့ သေဆုံးပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ဝူဟမ်မြို့ဟာ လူဦးရေ ၁၁ သန်း နေထိုင်တဲ့ သယ်ယူပို့ဆောင်ရေး အချက်အခြာ မြို့ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က လန်ဒန်မြို့ရှိ အမ်ပီရီရယ် ကောလိပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ သုတေသနဌာနရဲ့ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံမှာ တွေ့ရှိရတဲ့ ရောဂါပိုးရှိသူ တရုတ်ခရီးသွားနှစ်ဦးနဲ့ ဂျပန်နိုင်ငံရောက် ရောဂါပိုးရှိသူ တစ်ဦးတို့အပါအဝင် ဇန်နဝါရီ ၁၂ ရက်အထိ ကူးစက်ရောဂါ ခံစားနေရသူ ၁၇၂၃ ဦး ပါရှိကြောင်း၊ ရေးသားထားပါတယ်။ 

၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံနဲ့ ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ ဆားရောဂါကြောင့် လူပေါင်း ၆၅၀ နီးပါး သေဆုံးခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါဟာလည်း ဆားရောဂါပိုးကဲ့သို့ ရောဂါမျိုးဖြစ်တဲ့အတွက် သတိပေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

MDN
ကိုးကား AFP