ကူမင်း စက်တင်ဘာ ၆

 

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Intercontinental ဟိုတယ်၌ ကျင်းပသည်။

 

ဖိုရမ်ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟို ကော်မတီနှင့် ယူနန်ပြည်နယ် ပါတီကော်မတီတို့မှ တာဝန်ရှိသူများ၊ တောင်အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံများမှ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာများ၊ တတ်သိပညာရှင်များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ယူနန်ပြည်နယ်မှ တိုင်းရင်းသားပေါင်းစုံက တိုင်းရင်းသားအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက်ရောက်လာသူများက ယူနန်ပြည်နယ် ထုတ်ကုန်များပြခန်းနှင့် ရှေးဟောင်းအနု ပညာပြခန်းများကို ကြည့်ရှု လေ့လာကြသည်။

ယင်းနောက် ယူနန်ပြည်နယ်မှ အကအဖွဲ့က ကပြဖျော်ဖြေ တင်ဆက်ကာ Video Clip ကို ပြသ၍ အခမ်းအနားကို ဖွင့်လှစ် ပေးသည်။

ဆက်လက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Wang Ning၊ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီမှ Hu Heping၊ ဆင်ဟွာသတင်းဌာန အကြီးအကဲ Fu Hua နှင့် တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းမီဒီယာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပထမဦးဆုံး ရောက်ရှိခဲ့သော ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် အဖွဲ့ ခေါင်းဆောင်တစ်ဦးက ငလျင်ပြီးနောက် ချက်ချင်းရောက်ရှိပြီး အသက်ရှင်လျက် အဘွားအိုတစ်ဦး အား ကယ်ဆယ်နိုင်ခဲ့မှု၊ အဘွားအိုနှင့် မိသားစုက ကယ်ဆယ်ရေးအဖွဲ့အား လှိုက်လှဲဝမ်းသာစွာ ကျေးဇူးတင်စကားပြောကြားခဲ့မှု၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီကယ်ဆယ်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် မြန်မာ-တရုတ် ပိုမိုခိုင်မြဲသော ချစ်ကြည်ရေး ဖော်ဆောင်နိုင်ခဲ့မှုတို့နှင့် စပ်လျဉ်း၍ မှတ်တမ်းဓာတ်ပုံများပြသပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက မန္တလေးမြေငလျင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံနှင့် ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် အဆင့်မြင့်ဖိုရမ်၏ စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားအဖွဲ့များက ရိုးရာအကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုရှား၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ အိန္ဒိယ၊ ကာတာစသည့် နိုင်ငံများမှ သတင်းမီဒီယာဆိုင်ရာ အကြီးအကဲများက အမှာစကား ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် အဆင့်မြင့်ခေတ်မီ နည်းပညာများ တိုးတက်ထွန်းကား လာသည်နှင့်အညီ မီဒီယာကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုများကလည်း တစ်နေ့တခြား မြင့်မားလာ နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအခါတွင် Al နည်းပညာသည် အငြင်းပွားဖွယ် ကိစ္စရပ်များနှင့် ဖွံ့ဖြိုးမှုများ ဆောင်ကြဉ်းပေးလာသည်ကိုလည်း အားလုံးသိရှိကြမည်ဖြစ်ပါကြောင်း။

 

AI နည်းပညာကြောင့် ယခင်က ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရသည်တို့သည် ယခုအခါ အလွယ်တကူ ဖန်တီး လုပ်ဆောင်နိုင်သည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သို့ရာတွင် ဥပဒေနှင့် ကျင့်ဝတ်များ အရ စောဒကတက်ဖွယ်ဖြစ်နေသည်များကိုလည်း ဆိုးကျိုးအနေဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် AI နည်းပညာကို မီဒီယာလောကအတွက် အကျိုးရှိရှိ၊ ထိရောက်စွာ အသုံးချနိုင်ရန်၊ တူညီသည့် စည်းမျဉ်းများနှင့်အညီ အသုံးပြုနိုင်ရန်၊ Digital Divide ဟုခေါ်သည့် နည်းပညာ ကွာဟမှုများ ကျဉ်းမြောင်းစေရန်နှင့် Global South ဒေသနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်ရန် သည် အလွန်အရေးကြီးသည်ဟု မြင်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများမှ မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အခိုင်အမာတည်ဆောက်လိုပါကြောင်းနှင့် ယခုဖိုရမ်မှ တစ်ဆင့်လည်း အသစ်အသစ်သော အပြန်အလှန်ဆက်ဆံရေးများ ဆက်လက်ဖော်ဆောင်သွားလိုပါကြောင်း၊ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ရင်ဆိုင်နေကြရသည့် သတင်းတု/ သတင်းမှားများကို ပူးပေါင်းတိုက်ဖျက်ပြီး နိုင်ငံ အချင်းချင်းနှင့် ပြည်သူများအကြား သတင်းမှန်များ ပျံ့နှံ့စေ ရေး အပြန်အလှန် နားလည်မှုနှင့် သဘောပေါက်မှုများတိုးပွားပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက်နိုင်ကာ ငြိမ်းချမ်း သာယာသည့် ကမ္ဘာကြီးကို ဖော်ဆောင်ကြရာတွင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ ပူးပေါင်းစုစည်းမှုအင်အားဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စဇိန်းယန့်တို့က “သတင်းမီဒီယာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး ကနဦးအဆိုပြု လွှာ(LOI)ကို လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် MRTV & ယူနန် မီဒီယာဂရု (YMG) တို့ အပါအဝင် ဌာန/အဖွဲ့အစည်း ခြောက်ခုတို့က မီဒီယာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု အခမ်းအနားအား Video Wall တွင် လက်ဖြင့်ထိ၍ အတည်ပြု မှတ်တမ်းတင်ကြသည်။

ညနေပိုင်းတွင် ယူနန်-မြန်မာ သတင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတွေ့ဆုံပွဲကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စဇိန်းယန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာမီဒီယာများအကြား သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ သတင်းအချက်အလက်များ လျင်မြန်စွာဖလှယ်နိုင်ရေး၊ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းပညာမျှဝေရေး၊ ပုံနှိပ်မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံပြန်ကြားရေး ဝန်ကြီးများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်