မူဆယ် ၂၇ မတ် 


မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ဆန်တင်သွင်းမှုလိုင်စင် ရပ်ဆိုင်းမှု ကြောင့် မြန်မာပြည်ရှိ ဆန်ကုန်သည်များ၊ အလုပ်သမားများနှင့် လယ်သမားများ ဆန်တင်သွင်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ 


“အရင်တုန်းကတော့ တရားမဝင် လမ်းကြောင်းအမျိုးမျိုးကနေ တစ်ဖက်နိုင်ငံကို ဆန်တွေ တင်သွင်းကြတယ်။ ခုတော့ တရားမဝင်လမ်းကြောင်းကနေ ဘယ်လိုမှ တင်သွင်းလို့မရတော့ဘူး။ တရာဝင်လမ်းကြောင်း တွေကနေ ပဲ တင်သွင်းလို့ ရတော့တယ်။ ပြီးခဲ့လကစပြီး တရုတ်အစိုးရဘက်က တရုတ်ကုမ္ပဏီတွေကို တရားဝင် လိုင်စင်ချ ပေးတယ်။ တရုတ်ကုမ္ပဏီတွေက တရုတ်ပြည်ဘက်ကို ဆန်တင်ပို့ခွင့်ရတဲ့ ကုန်စည်ဒိုင်ကို နောက်ခံပြုထား သည့် မြန်မာဘက်က ကုမ္ပဏီတစ်ခုနှင့် စာချုပ်လာချုပ်တယ်။ စာချုပ်လာချုပ်ပြီးမှ ပစ္စည်းတစ်ခု တင်ပို့တော့ မယ်ဆိုရင် တင်ပို့သည့်နိုင်ငံ၊ တင်ပို့သည့် ကုမ္ပဏီ၊ တင်သွင်းမည့် ပစ္စည်း အဲ့လိုမျိုးအကုန်ရေးတယ်။ ပြီးမှ အိတ်ခွံတွေလဲပြီး တရားဝင်လမ်းကြောင်းကနေ ပို့လို့ရတယ်” ဟု ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဗိုလ်ဦးက ပြောကြားသည်။

 

2


ခုလို လိုင်စင်ယာယီရပ်ဆိုင်းမှုကို တရုတ်နိုင်ငံရှိ ကုမ္ပဏီများဘက်ကလည်း ပြန်လည်အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှ တရားဝင် ဆန်တင်သွင်းရန် အသင့်ရှိနေသော်လည်း တရုတ်နိုင်ငံမှ တရားဝင် လိုင်စင်များ ပြန်လည်ခွင့်ပြုမှသာလျှင် ပြန်လည်တင်သွင်းလို့ ရမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ တရားဝင်လိုင်စင် ထုတ်လုပ်ပေးရာတွင် ဆန်အမျိုးအစားကို ကန့်သတ်ထားကြောင်းလည်း သိရသည်။

 
“ဆန်သားအရှည်စ မဖြစ်ရဘူး။ မြန်မာပြည်မှာဆိုရင် ရတနာတိုး၊ မှော်ဘီ၊ ရက်ကိုးဆယ်တို့က ဆန်သား အရှည်ဆိုတော့ လိုင်စင်မပေးဘူး။ တရုတ်ဘက်က တရားဝင် လိုင်စင်ပေးတဲ့အထဲမှာ ငစိန်ဆန်၊ စူပါ၊ သုခစတဲ့ ဆန်စအတို၊ ဆန်စအလုံးတို့ကိုပဲ လိုင်စင်ပေးတယ်။ တရုတ်ဘက်က လိုင်စင်အခွန်က ဈေးအရမ်းများတယ်။ အဲ့တာကြောင့် သူတို့က မြန်မာပြည်က ဆန်တွေကို ဈေးနိမ့်ပြီး ဝယ်ယူကြတယ်။ ဒီထဲမှာ ရောင်းနိုင်တဲ့ သူတွေက ရောင်းတယ်။ မရောင်းနိုင်တဲ့သူတွေက မရောင်းကြဘူး” ဟု ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဗိုလ်ဦးက ဆက်လက် ပြောကြားသည်။

 

1


တရုတ်နိုင်ငံမှ တရားဝင်လိုင်စင် ဈေးများသည့်အတွက် မြန်မာပြည်မှ ဆန်များကိုလည်း ဈေးနိမ့်ပြီးဝယ်ယူနေပြီး ဆန်အရှည်စများကို တင်သွင်းဝယ်ယူရန် လက်မခံရခြင်းသည် တရုတ်နိုင်ငံမှ ထွက်သည့် ဆန်ပုံစံများနှင့် တူနေပြီး ပြည်တွင်းဆန်ဈေးနှုန်းနှင့် ညှိသွားမှာစိုးရိမ်ခြင်းကြောင့် လိုင်စင်မပေးရခြင်းဖြစ်ကြောင်းလည်း သိရသည်။ 


တရုတ်နိုင်ငံမှ ဆန်တင်သွင်းမှု ရပ်ဆိုင်းမှုကြောင့် ဆန်ဈေးကျခြင်း၊ ဆန်ကုန်သည်များတင်မက ရန်ကုန်-မန္တလေးမှ မူဆယ်တက်လာသည့် ကားများသည် ကုန်များမရှိခြင်းကြောင့်  မူဆယ်လမ်းကြောင်းတွင် မှီခိုနေ သည့် အလုပ်သမားများအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။


“တရုတ်က ခုလိုပိတ်လိုက်တဲ့အတွက် ဆန်ကုန်သည်တွေမက တောင်သူလယ်သမား၊ စက်ပိုင်၊ အလုပ်သမား တွေ တော်တော်ထိခိုက်တယ်။ တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ ပုံမှန်လေးသွားလို့ ရသေးတယ် ။ နှစ်သစ်ကူးပြီး တဲ့နောက်ပိုင်း တရားဝင်သွားတာလည်း နည်းနည်းပဲသွားလို့ရတယ်။ သူတို့တရားဝင်ခွင့်ပြုတာက ဆန်အတိုစ လို့ပြောတယ်။ မြန်မာပြည်မှာရှိတာ ဆန်အရှည်စတွေများတယ်။ ခုနွေစပါးပေါ်နေပြီ နွေစပါးပေါ်နေတော့ တောင်သူလယ်သမားတွေ ပိုပြီးထိခိုက်တယ်” ဟု မူဆယ်ဆန်ကုန်သည် ကိုအေးဝင်းသိန်း က ပြောသည်။


တရုတ်နိုင်ငံတွင် ဆန်အနည်းအကျဉ်း တင်သွင်းခွင့်ရသော်လည်း အကြွေးနဲ့သာ ဝင်ယူနေပြီးနေရပြီး (၃) (၄)ရက်ကြာမှသာလျှင် ရောင်းရငွေများ ရရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ ၈ လပိုင်းမှ ဆန်တင်သွင်းခွင့် စတင်ရပ်ဆိုင်းပြီး  ယခုလက်ရှိတွင်မူ တရားဝင်လိုင်စင်ပါ ရပ်ဆိုင်းနေရသောကြောင့် ဆန်ကုန်သည်များတင်မက တောင်သူများပါ အခက်တွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။


ဗန်ရိုးထန်(ပြန်/ဆက်) 

 

1