၆ ဧပြီ
တရုတ်နိုင်ငံဟာ နိုင်ငံခြားတိုင်းပြည်များသို့ မတ်လကနေစပြီး နှာခေါင်းစည်း (mask) အရေအတွက် လေးဘီလီယံနီးပါး ရောင်းချပြီးကြောင်း တာဝန်ရှိသူတွေက မနေ့ကပြောကြားပါတယ်။
တရုတ်အစိုးရက ကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ရန် အားပေးနေကြောင်း သိရပါတယ်။ ကမ္ဘာ့ကပ်ရောဂါကနေ လူပေါင်းခြောက်သောင်းကျော်ကို သေကြေစေပြီး ကမ္ဘာအနှံ့အပြားမှာ ကာကွယ်ရေးသုံးပစ္စည်းတွေ ပြတ်လပ်မှုနဲ့ တွေ့ကြုံနေရစဉ် အခုလို တရုတ်အစိုးရက ပြောကြားလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေ နှာခေါင်းစည်းအရေအတွက် ၃.၈၆ ဘီလီယံ၊ ကာကွယ်ရေးပစ္စည်း ၃၇.၅ သန်း၊ အသက်ရှူ အထောက်အကူပြုစက် ၁၆,၀၀၀လုံး နဲ့ COVID 19 စစ်ဆေးစမ်းသပ်ရေးပစ္စည်း ၂.၈၄ သန်း ကို မတ်လ ၁ ရက်နေ့မှ စပြီး နိုင်ငံပေါင်း ၅၀ ကျော်က မှာယူခဲ့ကြောင်း ကုန်သွယ်ရေးမှ တာဝန်ရှိသူ ဂျင်ဟိုင်းက ပြောပါတယ်။

ဂျင်ဟိုင်း က “အဲဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိပြီး မှာယူတဲ့ နိုင်ငံတွေကတော့ နယ်သာလန်၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ တူရကီ နဲ့ စပိန် နိုင်ငံတွေက ဖြစ်တယ်” လို့ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က နယ်သာလန်အစိုးရက နှာခေါင်းစည်း ၁.၃ သန်းထဲက ၆၀၀,၀၀၀ ဟာ အရည်သွေး မမီတဲ့အတွက် တရုတ်နိုင်ငံကို ပြန်ပို့ခဲ့သလို စပိန်နိုင်ငံကလည်း ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာတွေထောင်ချီတဲ့ အရေအတွက်တွေကိုလည်း တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ တစ်နေ့ကို ကိုဗစ် -၁၉ ရောဂါ စမ်းသပ်စစ်ဆေးရေးပစ္စည်း လေးသန်းကျော် တိုးမြှင့်ထုတ်နေကြောင်း အမျိုးသားကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်ရေးဌာနမှ တာဝန်ရှိသူ ဇန်ဇီက ပြောကြားပါတယ်။
MDN
ကိုးကား -AFP


