ပေကျင်း ဩဂုတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ China International Press Communication Center မှ ဖွင့်လှစ်သည့် ပြည်ပသတင်းထောက်များအတွက် သတင်းမီဒီယာဖလှယ်မှုနှင့် သင်ကြားရေး အစီအစဉ်ကို ဩဂုတ် ၂၂ ရက်တွင် စတင်ဖွင့်လှစ်သည်။
CIPCC ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လေးလတာသတင်းမီဒီယာဖလှယ်ရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ်မှစ၍ တစ်နှစ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
“CIPCC အစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခွင့်ရမယ်။ မီဒီယာပြောင်းလဲမှု ဖြစ်စဉ်တွေကို သိလာရမှာဖြစ်သလို နှစ်ပေါင်းများစွာက ယဉ်ကျေးမှုအမွေအနှစ် အချို့ကိုလည်း ကိုယ်တိုင်သင်ယူနိုင်ကြမယ်။ ပေကျင်းနဲ့ ပေကျင်းပြင်ပက နေရာအသီးသီး၊ အလွှာအသီးသီးက လူတွေနဲ့ ပြောဆိုသတင်းယူခွင့်တွေ၊ နိုင်ငံရဲ့အရေးပါတဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းက ထင်ရှားတဲ့ မီဒီယာကြီးတွေမှာလည်း ရက်တိုမီဒီယာပူးတွဲ လေ့လာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်”ဟု CIPCC ၏ ဒါရိုက်တာ မစ္စတာယုလင်က ပြောသည်။
အဆိုပါအစီအစဉ်တွင် အာဖရိက၊ အာရှ-ပစိဖိတ်၊ လက်တင်အမေရိက-ကာရေဘီယံ၊ ဥရောပ-အာရှ၊ အာရပ်နှင့် ဥရောပဒေသဟူ၍ ဆက်သွယ်ရေးစင်တာ ခြောက်ခုသတ်မှတ်ထားပြီး နိုင်ငံပေါင်း ၉၀ ကျော်မှ သတင်းထောက် ၁၀၀ ကျော် ပါဝင်ကြသည်။
လေးလတာအစီအစဉ်အတွင်း ပေကျင်းမြို့အပြင် ရှန်ဟိုင်း၊ တီရန်ကျင်း၊ လောင်းလင်အစရှိသည့် ထင်ရှားသည့်မြို့ကြီးများနှင့် တိုင်းရင်းသားလူနည်းစုများနေထိုင်ရာ ဒေသများသို့ သွားရောက် လည်ပတ်ခြင်းနှင့် သတင်းယူခြင်းများလည်းပါဝင်သည်။
ထို့အတူ တရုတ်နိုင်ငံ၏ မီဒီယာတိုးတက် ပြောင်းလဲမှုဖြစ်စဉ်များနှင့် ယဉ်ကျေးမှုများ၊ လူနေမှုဘဝနှင့် နည်းပညာအသုံးပြု စိုက်ခင်းများ စသည်တို့ကို လေ့လာခွင့်နှင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် မီဒီယာနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို သင်ယူခွင့်ရရှိကြမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံရှိ ထင်ရှားသည့်မီဒီယာ လုပ်ငန်းများဖြစ်သည့် CGTN၊ Xinhua နှင့် People’s Daily တို့တွင် လက်တွေ့လေ့လာ သင်ယူနိုင်မည့်အပြင် သင်တန်းကာလအတွင်း ထင်ရှားသည့် အခမ်းအနားများဖြစ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပဉ္စမအကြိမ် ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူတို့၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနား၊ တရုတ်-အာရပ်နိုင်ငံများ ကုန်စည် ပြပွဲစသည်တို့သို့ သတင်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်ရတနာ


