ပေကျင်း  ၁၄  ဧပြီ

တရုတ်နိုင်ငံတွင် တစ်ရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ရာ မတ် ၅ ရက် နောက်ပိုင်း ၃၈ ရက်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပမာဏများများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၂ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၉၈ ဦးမှာ နိုင်ငံရပ်ခြားမှပြန်လည် ရောက်ရှိလာကြသူများ ဖြစ်သည်ဟု တရုတ်ကျန်းမာရေးအရာရှိများက ပြောသည်။ ။

ယခုတွေ့ရှိထားသည့် လူနာသစ်များကို ဟေလုံကျန်းပြည်နယ်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ရုရှားနိုင်ငံမှ ပြန်လာကြသူများတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ရုရှားမှ ပြန်လာသူ ၄၉ ဦး တွင် ကိုဗစ်- ၁၉ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု တရုတ်ကျန်းမာရေး အာဏာပိုင်များက ပြောသည်။

တရုတ်နိုင်ငံသည် လတ်တလော တွင် လုံခြုံစိတ်ချရရေးအတွက် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ရုရှားနှင့် နယ်စပ်ကိုလည်း ယာယီပိတ်ထားသည်။ ဟူပေပြည်နယ်တွင် ဧပြီ ၁၂ ရက်က လူနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ အရေအတွက်မှာ ၃၃၄၁ ဦးရှိလာပြီဖြစ်သည်။ တစ်နေ့တည်းမှာပင် ကိုဗစ်- ၁၉ ကူးစက်ခံ ထားရသည်ဟု တွေ့ရှိရသည့်လူပေါင်း ၆၁ ဦး တွေ့ရှိခဲ့ရပြီး ၎င်းတို့တွင် ရောဂါလက္ခဏာပြသခြင်း မရှိကြောင်း အရာရှိများက ပြောသည်။ ယင်း ၆၁ ဦးကို ကူးစက်ခံရသူ တရားဝင်အရေအတွက် စာရင်းတွင် ထည့်သွင်းထားခြင်း မရှိပေ။

အင်န်အိတ်ချ်ကေ