စက်တင်ဘာ ၆
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူဂျီအန်ပြည်နယ် မြို့တော် ဖူဇူတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လူပေါင်း ၃၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ထိုမြို့၏မြို့နယ်ပေါင်း ၁၄၇ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယွမ် ၅၅၂ သန်းကျော် ဆုံးရှုံးခဲ့သည်ဟု သိရသည်။
အဆိုပါမြို့၏ဒေသအတော်များများတွင် ယမန်နေ့ည ၉ နာရီမှစတင်ကာ ယနေ့မနက် ၅ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန် စံချိန်တင်မြင့်မားခဲ့သည်။
မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူကြိုကျောင်းများ၊ သင်ရိုးပြင်ပလေ့ကျင့်ရေးအဖွဲ့အစည်းများ စက်တင်ဘာ ၆ ရက်တွင် ခေတ္တရပ်ဆိုင်းထားပြီး မြို့တွင်းပြေးဆွဲသောဘတ်စ်ကားများ၊ မြေအောက်ရထားများ၊ ရထားများနှင့် လေဆိပ်ပြေးဆွဲသောဘတ်စ်ကားများ ခေတ္တရပ်ဆိုင်းထားသည်။ အပန်းဖြေရာနေရာများနှင့် ပန်းခြံများ ယာယီပိတ်ထားခဲ့သည်။
ဖူဂျီအန်ပြည်နယ်တွင် ယမန်နေ့ည ၁၁ နာရီက မိုးသည်းထန်စွာရွာသွန်းမှုအရေးပေါ်အခြေအနေတုံ့ပြန်ရေး အဆင့် ၂ သို့ တိုးမြှင့်ခဲ့သည်။ ထိုမြို့တွင် မိုးများ ဆက်လက်ရွာသွန်းလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


