ရန်ကုန် ၂  ဧပြီ

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် ကူးလူးဆက်ဆံမှု များပြားခြင်းရှိသည့် နိုင်ငံများမှ မြို့အသီးသီးသို့ လေကြောင်းခရီးစဉ်သစ်များ ပိုမိုပြေးဆွဲပျံသန်းလာကြသည်ကို မြင်တွေ့နေကြရပြီး ယနေ့တွင် ရန်ကုန်နှင့် တရုတ်နိုင်ငံ ဟူးဟန်နှင့် ကူမင်းမြို့များသို့ ပျံသန်းပြေးဆွဲမည့် ခရီးစဉ်သစ်တစ်ခု စတင်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရှိရသည်။

အဆိုပါ ဟူးဟန်-ကူမင်း- ရန်ကုန်ခရီးစဉ်ကို China Eastern Airline မှ ပြေးဆွဲခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် YIA ၏ Terminal 1 မှ တစ်ပတ်လျှင် သုံးကြိမ်ခန့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ထွက်ခွာသွားခဲ့သည့် ခရီးစဉ်သည် ခရီးသည် ၁၈၄ ဦးခန့် လိုက်ပါစီးနင်းနိုင်သည့် ဘိုးရင်း ၇၃၇-၈၀ဝ လေယာဉ်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။ အပတ်စဉ် အင်္ဂါ၊ ကြာသာပတေးနှင့် စနေနေ့များတွင် ပြေးဆွဲပျံသန်းသွားမည်ဟု သိရှိရပြီး ယခု ဟူးဟန်(Hohhot) – ကူမင်း - ရန်ကုန်ခရီးစဉ်သည် China Eastern Airlines မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံသန်းပြေးဆွဲသည့် သုံးခုမြောက် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ခရီးသည်ဝင်ရောက်မှုအများဆုံး လေဆိပ်တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြားတွင် မဟာဗျူဟာမြောက်စွာတည်ရှိနေသည့် အားလျော်စွာ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနေထိုင်ရာ အိမ်နီးချင်းနိုင်ငံများသို့ ခြောက်နီအကြာ ပျံသန်းချိန်အကွာအဝေးသာရှိခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် လေကြောင်းလိုင်းများ ပိုမိုတိုးချဲ့များပြားစွာ ဝန်ဆောင်မှု ရရှိလာခြင်းကိုလည်း တွေ့ရှိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်တွင်း၊ ပြည်ပ ခရီးသည်ဝင်ထွက်မှု စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသည် ၉ ဒသမ ၉ သန်း ရှိပြီး ၂၀၁၆ ခုနှစ်အတွင်းက ခရီးသည်စုစုပေါင်း ၉ ဒသမ ၂၆ သန်းနှင့် ၂၀၁၇ ခုနှစ်မှာ ၁၀ ဒသမ ၁၂ သန်းတို့ ဝင်ရောက်ခဲ့ကြကြောင်း အစိုးရသက်တမ်း သုံးနှစ်တာဖြတ်သန်းမှု ကိန်းကဏန်းများအရ သိရှိရသည်။

ခင်ရတနာ၊ ဓာတ်ပုံ- YIA

mdn