ပေကျင်း၊ အောက်တိုဘာ ၁၈

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ပေကျင်းမြို့တော်၌ ယနေ့ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့   တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

 

တရုတ်နှင့်  ရုရှားနှစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာတရားမျှတမှုကို ထိန်းသိမ်းရန်   ကမ္ဘာတစ်ဝန်း ဘုံဖွံ့ဖြိုးတိုးတက်ရေးကို   မြှင့်တင်ဆောင်ရွက်သွားမည်ဟု သမ္မတရှီကျင့်ဖျင်က ဆိုသည်။

 

လက်ရှိအခြေအနေများကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအနေဖြင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပူတင်က ပြောကြားသည်။

 

ခေါင်းဆောင်နှစ်ဦးသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အသိအမှတ်ပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်ရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။

 

ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ  နိုင်ငံတကာဖိုရမ်သို့  ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် အင်ဒိုနီးရှားနှင့် ကာဇက်စတန်ခေါင်းဆောင်များနှင့် အခြားသော နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်ကြသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်