တတိယအကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များညီလာခံ ဂုဏ်ပြုညစာစားပွဲနှင့် ဆုပေးပွဲကျင်းပ

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များညီလာခံ (3rd Myanmar Entrepreneurship Summit – 2018) ဂုဏ်ပြုညစာစားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာ၌  မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များညီလာခံ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်သည်ကိုတွေ့ရသည့်အတွက် များစွာဝမ်းသာပါကြောင်း၊ ယခုနှစ် ကျင်းပသည့် တတိယအကြိမ်မြောက် ညီလာခံသို့ တက်ရောက်သည့် လူငယ်အရေအတွက်မှာ ယခင်နှစ်ထက် များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း (Myanmar Young Entrepreneurs Association – MYEA)၏ တိုးတက်မှုကို လက်တွေ့ပြသလိုက်ခြင်း ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှုတစ်ခုတည်းမဟုတ်ဘဲ လူမှုဘ၀ တိုးတက်မှု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် ဗျူဟာမြောက်လုပ်ငန်းစဉ်များ ပါဝင်သည့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (Myanmar Sustainable Development Plan-MSDP)ကို ရေးဆွဲ ပြီးဖြစ်ပါကြောင်း၊ MSDP ၏မျှော်မှန်းချက်များ အကောင်အထည် ဖော်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍက ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း။

 

ယနေ့လူငယ်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံစီးပွားရေးလောက၏ အနာဂတ် ခေါင်းဆောင်များဖြစ်ပါကြောင်း၊ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အဓိက သော့ချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်လျှောက်လှမ်းနေသည့် အချိန်တွင် အခွင့်အရေး အသစ်များကို ဆုပ်ကိုင်လိုသည့်၊ စွန့်စားလိုသည့် စိတ်ရှိသော လူငယ်စွန့်ဦးတီထွင်သူများ များစွာလိုအပ်နေပါကြောင်း၊ ထို့ကြောင့် Entrepreneurship တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအတွက် စီးပွားရေး အကျိုးကျေးဇူး၊ လူမှုရေးအကျိုးကျေးဇူး၊ တီထွင်ကြံဆမှု အကျိုးကျေးဇူးများ ရရှိမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဒေသ၏လိုအပ်ချက်ကို ယင်းဒေသကပင် အဓိက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ နယ်မြေအနှံ့ စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာပါက ယင်းဒေသများတွင် လုပ်ငန်းအသစ်များ ပေါ်ပေါက်လာပြီး အလုပ်အကိုင်များ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ခေတ်သစ်စီးပွားရေးကို ဆောင်ရွက်နေသည့် အချိန်ကာလနှင့် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှု အရှိန်အဟုန် မြင့်မားနေသည့် ယခုကာလတွင် စီးပွားရေးဆိုင်ရာ အဟန့်အတားများနှင့် မညီမျှမှုများကို ကြုံတွေ့ရနိုင်ပါကြောင်း။

 

ဆုချီးမြှင့်သည့် အစီအစဉ် ပါဝင်သည်ကိုတွေ့ရပါကြောင်း၊ ထိုသို့ ပေးအပ်ချီးမြှင့် ခြင်းသည် လူငယ်များအတွက် ၎င်းတို့၏လုပ်ငန်းများကို တဖြည်းဖြည်းတိုးတက်အောင် ဆောင်ရွက်ရန်၊ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရန် တွန်းအားတစ်ခုဖြစ်ပါကြောင်း၊ ယခု ဆုရကြမည့် လူငယ်များနှင့် စင်ကာပူ ASEAN Business and Investment Summit တွင် ဆုရရှိခဲ့သည့် လူငယ်လုပ်ငန်းရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးနှင့် နိုင်ငံ့အကျိုးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်နိုင်သိန်းက ညီလာခံကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတကာတွင် ကျင်းပသည့် ပွဲများ၌ မြန်မာနိုင်ငံကိုယ်စားပြု ဆုရရှိခဲ့ကြသော လူငယ်လုပ်ငန်းရှင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ၎င်းတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်နိုင်သိန်းတို့က ညီလာခံဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသော Sponsor ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းထက်မောင်မောင်က စွန့်ဦးတီထွင်ဆုများ ရွေးချယ်မှု၊ ရွေးချယ်သည့် သတ်မှတ်ချက်စည်းကမ်းများနှင့် ဆုအမျိုးအစားများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

 

ညစာသုံးဆောင်နေစဉ် အနုပညာရှင်များက ခေတ်ပေါ်တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသူများ၏ မှတ်တမ်းဗွီဒီယိုကို ပြသသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောနှင့် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့က Myanmar Young Social Entrepreneur Award ရရှိသူ ၂ ဦး၊ Myanmar Young Start Up Award ရရှိသူ ၄ ဦး၊ Myanmar Young Entrepreneur Award ရရှိသူ ၃ ဦး တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)