တူကီယဲလ်နိုင်ငံအရှေ့ပိုင်း Elazig ပြည်နယ်တွင် ခရိုမိုက်သတ္တုတွင်း ပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားအားလုံးကို ကယ်ဆယ်နိုင်ခဲ့

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၆

တူကီယဲလ်နိုင်ငံအရှေ့ပိုင်း Elazig ပြည်နယ် တွင် ခရိုမိုက်သတ္တုတွင်း ပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားအားလုံးကို ရှာဖွေရေးအဖွဲ့များက ကယ်ဆယ်နိုင်ခဲ့ကြောင်း တူကီယဲလ်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက ယနေ့ပြောကြား သည်။

ပါလူခရိုင်တွင် ၎င်းမိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် မြေအောက်တွင် ပိတ်မိနေသော အလုပ်သမားလေးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက ဆိုရှယ်မီဒီယာအိစ်တွင် ပြောကြားသည်။

တူကီယဲလ်တာဝန်ရှိသူများက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Elazig ပြည်နယ်အုပ်ချုပ်ရေးမှူး Omer Toramar က မှတ်ချက်ပြုပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က နိုင်ငံအရှေ့ပိုင်း Erzincan ပြည်နယ်ရှိ ရွှေတွင်းတစ်ခုတွင် မြေပြိုကျမှုကြောင့် လုပ်သားကိုးဦး မြေအောက်၌ ပိတ်မိသောဖြစ်စဉ် ဖြစ်ပွားခဲ့သည်။    

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ