နေပြည်တော် ၁၂ ဧပြီ
ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအရာရှိအဆင့် - ၃ မွမ်းမံသင်တန်းအမှတ်စဉ်(၃၀) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေအရာရှိများ အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မား စွာဖြင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှရရှိသော လုပ်ငန်းဆိုင်ရာ အတွေ့အကြုံဗဟုသုတများကို အခြေခံ၍ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဥပဒေအရာရှိများသည်တရားလို၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးရသည့် နည်းတူစွပ်စွဲခံသူ၏ ဥပဒေဆိုင်ရာအခွင့်အရေးများမဆုံးရှုံးစေရန်ကိုလည်း အလေးထားရ မည်ဖြစ်ကြောင်း၊ ဥပဒေများကိုနှံ့စပ်ကျွမ်းကျင်ရန် အမြဲလေ့လာဆည်းပူးရမည်ဖြစ်ပြီး ဥပဒေအရာရှိ ကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းတို့နှင့်အညီ ကိုယ်ကျင့်တရားကောင်းမွန်စွာ ပြုမူနေထိုင်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အရည်အချင်းနှင့် အသွင်သဏ္ဍာန်ပြည့်ဝကောင်းမွန်သော ဥပဒေအရာရှိများ ဖြစ်လာရန် အစဉ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မှာကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


