ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား

 

နေပြည်တော်၊ ဧပြီ - ၂၉

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

 

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီ အဖွဲ့ဝင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ကိုစက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်းကို အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

 

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အဆောက်အအုံသစ်နှင့် စပ်လျဉ်းသည့် Video Clip ကိုကြည့်ရှုကြပြီး အဆောက်အအုံနှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ  ဂါရဝပြုပေးအပ်သည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူဆောင်ရွက်သည့် အချိန်မှစပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ တိုးတက်ဖြစ်ထွန်းစေရေးတို့အတွက် မူဝါဒများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့် လျော်ညီစေမည့်ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတော်၏ရှေ့ဆက်ရမည့် လုပ်ငန်းများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ကြီးဌာန ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ တရားဥပ‌ဒေစိုးမိုးရေးအတွက် ပြည်သူများအကြား ဥပဒေအသိပညာ ပြန့်ပွားရေးကိုရည်ရွယ်ပြီး ဥပဒေဝန်ဆောင်မှုလုပ်ငန်းများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် အကောင်အထည်ဖော်ပေးရခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) သည် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်မည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် နေရာတစ်ခုဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ သို့မှသာမိမိတို့ လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန် ထိရောက်သည့် လုပ်ရပ်များနှင့် နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အသီးသီးတွင် ဝိဇ္ဇာ (ဥပဒေ) ပညာဘွဲ့ B.A(Law) ပညာသင်ကြားနေပြီး အဓိကကျသည့် တက္ကသိုလ်များတွင် ဥပဒေဘွဲ့ (LLB) ပညာသင်ကြားပေးနေကြောင်း၊ ယခုထက်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ဥပဒေ ပညာရှင်များသည် နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့် အကျော်ဇေယျများဖြစ်သည်အထိ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။

နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ယခုဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် လုပ်ငန်းခွင်လက်တွေ့ လုပ်ငန်းများကို ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှု ကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း။

ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်များကိုယခုထက် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် နည်းဗျူဟာများချမှတ်ဆောင်ရွက်ရန်နှင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းတွင် တက်ရောက်လေ့လာသင်ယူကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများအတွက် ဥပဒေပညာရပ်များ ရှာမှီးနိုင်သည့် ဗဟုသုတဗိမာန်ကြီးတစ်ခုအဖြစ် ရေရှည်တည်တံ့အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းကြီးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ အောင်မြင်မှု သမိုင်းမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများအတွက် အောင်မြင်တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပိုမိုကောင်းမွန်သည့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှုနှင့် ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ယခုကဲ့သို့ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းဖွင့်လှစ်ခြင်းဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းများကို ပိုမိုဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်သောကြောင့် ဥပဒေအသိပညာ ပြန့်ပွားပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အထောက်အကူ ပြုမည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အခမ်းအနား တက်ရောက်လာကြသူများသည် သင်တန်းကျောင်းအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်