ဖမ်းဆီးခြင်းအကြောင်း (အဆက်)
 

ဦးဟန်ညွန့် (ဥပဒေ)

ဗဟုသုတဖတ်ဖွယ်
“ဖမ်းဆီးခြင်းအကြောင်း ဆောင်းပါးကို ဖတ်ရပါတယ်ဆရာကြီး။ ကျွန်တော်တို့ သိသင့် သိထိုက်တာတွေရေးပေးလို့ ကျေးဇူးတင်ပါတယ်။ ဆရာကြီးရဲ့ ဆောင်းပါးထဲမှ ဗဟုသုတဖြစ်ဖွယ် စာအုပ်တစ်အုပ်ကို ရည်ညွှန်းထားတာ တွေ့ပါတယ်။ အဲဒီစာအုပ်အကြောင်းကိုလည်း မိတ်ဆက်ပေးပါဦး ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ဆိုလာပြန်ပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။
စာအုပ်
ကျွန်တော်ရည်ညွှန်းကိုးကားခဲ့သော ဥပဒေဗဟုသုတဖြစ်ဖွယ် စာအုပ်မှာ စာရေးဆရာကြင်ဦးလူ (ရဲမှူးကျင်ယုနိုင်-ငြိမ်း) ရေးသော “ဖမ်းဆီးခြင်း သိမှတ်စရာအချက် ၁၀၀” စာအုပ်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် 100 knowledges Relating to ARREST under Criminal Procedure Code by KYIN OO LU ဖြစ်ပါသည်။
အမည်အပြည့်အစုံ
စာအုပ်အမည်အပြည့်အစုံမှာ တရားဥပဒေနှင့်အညီ တစ်စုံတစ်ယောက်၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေခြင်း(သို့မဟုတ်) ဖမ်းဆီးခြင်း သိမှတ်စရာအချက် ၁၀၀ ဖြစ်ပါသည်။ ရန်ကုန်မြို့ ခုနစ်စဉ်ကြယ်စာပေတိုက်က ၂၀၁၄ အောက်တိုဘာလတွင် ထုတ်ဝေပါသည်။
မာတိကာ
အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်-
(၁) တရားဥပဒေနှင့်အညီ တစ်စုံတစ်ယောက်၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေခြင်း (သို့) ဖမ်းဆီးခြင်းနိဒါန်း
(၂) ဖမ်းဆီးခြင်းဝေါဟာရအဓိပ္ပာယ်
(၃) ဖမ်းဆီးခြင်းဆိုင်ရာ ယေဘုယျလုပ်ထုံးများ
(၄) ဖမ်းဆီးပြီးနောက် ဆောင်ရွက်ရမည့်လုပ်ထုံးများ
(၅) ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း
(၆) ရဲက ကြိုတင်ကာကွယ်ဖမ်းဆီးခြင်း
(၇) သာမန်အရပ်သား ပြည်သူတစ်ဦးက ဖမ်းဆီးခြင်း
(၈) ဖမ်းဆီးရမိသူအား ချုပ်နှောင်ခြင်း
(၉) ဝရမ်းဖြင့်ဖမ်းဆီးခြင်း
(၁၀) ဖမ်းဆီးခြင်းနှင့် စပ်လျဉ်းသည့်ပြစ်မှုများ
(၁၁) ဖမ်းဆီးခြင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့၏တာဝန်များ အနှစ်ချုပ်သုံးသပ်ချက်
အရေးကြီးသောလုပ်ငန်းတစ်ရပ်
တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကျသည့် လုပ်ငန်းရပ်များစွာရှိသည့် အနက် အရေးကြီးသော လုပ်ငန်းတစ်ရပ်မှာ ဖမ်းဆီးခြင်းပင်ဖြစ်သည်။ အထူးသဖြင့် မှုခင်းမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း (Prevention of Crime)၊ ဖြစ်ပွားသော မှုခင်းများအား စုံစမ်းထောက်လှမ်းခြင်း (Investigation of Crime)၊ ပြစ်မှုများကို စစ်ဆေးစီရင်ခြင်း (Trial of Offence) တို့တွင် ဖမ်းဆီးခြင်းသည် မလွဲမသွေ ဆောင်ရွက်ရသည့် လုပ်ငန်း အဆင့်ဆင့် တစ်ရပ်ဖြစ်ကြောင်း စာရေးဆရာ ကြင်ဦးလူက ရေးသားတင်ပြ ထားသည်။
ဖမ်းဆီးခြင်း၏ အနက်အဓိပ္ပာယ်
“ဖမ်းဆီးခြင်းအဓိပ္ပာယ်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေတို့တွင် သီးခြားအနက်အဓိပ္ပာယ် ဖွင့်ဆိုပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ဥပဒေအဘိဓာန် (Legal Dictionary ) များ၊ အင်တာနက်ဝက်ဘ်ဆိုက် (Internet Website ) များ၊ ပညာစွယ်စုံကျမ်း (Encyclopedia) များတွင် အမျိုးမျိုးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တွေ့ရှိရမည်” ဟု သုံးသပ်ရေးသား ထားသည်။
ဖမ်းဆီးခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အခြေခံရပိုင်ခွင့် ဖြစ်သော လွတ်လပ်မှု အခွင့်အရေးများကို တရားဥပဒေနှင့်အညီ အခွင့် အာဏာရှိသူက ရုပ်သိမ်းကန့်သတ်လိုက်ခြင်းပင် ဖြစ်၏။ သို့ဖြစ်၍ လူ့အခွင့် အရေးစောင့်ကြည့်သူများ၊ နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့်ရှောက်လို သူများ၊ တရားဥပဒေစိုးမိုးရေး လိုလားသူများအနေဖြင့်လည်း တရားဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ စိစစ်အကဲဖြတ်နိုင်ရေးအတွက် ဖမ်းဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာရန်လိုအပ်ကြောင်းပါ ဖော်ပြထားလေသည်။
ပြန်လည်ရုပ်သိမ်းကန့်သတ်ခြင်း
ဖမ်းဆီးခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်စီရရှိပိုင်ဆိုင်အပ်သော လွတ်လပ်မှုအခွင့်အရေးနှင့် ယင်းအခွင့်အရေးကို “ တရားဥပဒေနှင့်အညီ ပြန်လည်ရုပ်သိမ်းကန့်သတ်ခြင်း” တို့အကြားမှ “ပါးလွှာသော မျဉ်း တစ်ကြောင်း” ဖြစ်သည်ဟု တင်စားခေါ်ဝေါ်နိုင်မည်ဖြစ်သည်။
အမှန်စင်စစ်အားဖြင့်လည်း ဖမ်းဆီးခြင်းသည် ပါးလွှာသော မျဉ်း တစ်ကြောင်းပမာ တင်စားချက်နှင့်အညီ တစ်ဖက်ဖက်သို့ တိမ်းစောင်း ကျရောက်လွယ်သော သဘောမျိုးကို မကြာခဏ တွေ့ရှိရပေလိမ့်မည်။ ဖမ်းဆီးထိုက်သူကို ဖမ်းဆီးရန် ပျက်ကွက်ခြင်းနှင့် မဖမ်းဆီးသင့်သူကို မတရား ချုပ်နှောင်ထားခြင်းတို့သည်လည်းကောင်း၊ ယင်းအစွန်းနှစ်ဖက်ကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေအရ ပြစ်မှုဖြစ်ပွား ခြင်းများသည်လည်းကောင်း၊ ယင်းဥပမာကို ထင်ရှားစေသော သာဓကများပင် ဖြစ်ပေသည်။
ရဲအရာရှိ၏ ဆင်ခြင်တုံတရား
ဖမ်းဆီးခြင်း ဆောင်ရွက်ရာတွင် ဝရမ်းမပါဘဲ ဖမ်းဆီးပိုင်ခွင့်ရှိသူ ရဲအရာရှိ ၏ ဆင်ခြင်တုံတရားမှာလည်း လွန်စွာအရေးပါကြောင်း တွေ့ရှိရပေလိမ့်မည်။
ဥပမာအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ (၁) ပထမပိုဒ်တွင် ကျိုးကြောင်းဆီလျော်စွာ တိုင်ကြားခြင်းခံရသူ ( Reasonable Complaint)၊ ယုံကြည်လောက်အောင် သတင်းပေးခြင်းခံရသူ (Credible Information)၊ ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ (Reasonable Supspicion) ဟူသော စကားရပ်များမှာ ဖမ်းဆီးသူအရာရှိ၏ ဆင်ခြင်တုံတရားဖြင့်သာ ဆုံးဖြတ် ဆောင်ရွက်ရမည့် အခြေအနေကို ညွှန်းဆိုခြင်းဖြစ်သည်။
ဆင်ခြင်တုံတရား
ဆင်ခြင်တုံတရားဆိုသည်မှာ စူးစမ်းမေးမြန်းချင့်ချိန်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပေသည်။ ထိုသို့ ချင့်ချိန်ဆုံးဖြတ်ရန်အတွက် ဥပဒေအသိပညာနှင့် လုပ်ထုံးများပိုင်နိုင်ကျွမ်းကျင်ဖို့ အထူးလိုအပ်ပေလိမ့်မည်။ ဥပဒေပြဋ္ဌာန်းချက် များကို အခြေပြုပြီး မိမိဉာဏ် အမြော်အမြင်နှင့် စိစစ်သုံးသပ်ဆုံးဖြတ်နိုင်မှသာ တရားဥပဒေက လိုလားသော ဆင်ခြင်တုံတရား ဖြစ်လာနိုင်ကြောင်း စာရေး ဆရာ ကြင်ဦးလူက တင်ပြရေးသားထားသည်။
သာမန်အရပ်သား
ရဲတပ်ဖွဲ့ဝင်များသာမက သာမန်အရပ်သားပြည်သူတို့ကိုလည်း ဝရမ်း မပါဘဲ ဖမ်းဆီးပိုင်ခွင့်အာဏာ အပ်နှင်းထားသည်။ အထူးသဖြင့် ရဲအရေးပိုင်မှု ဖြစ်ပြီး အာမခံမပေးနိုင်သောအမှုများ (တစ်နည်းအားဖြင့်) အမှုကြီးများကို မိမိရှေ့မှောက်၌ ကျူးလွန်သူတို့ကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း ကြေညာခြင်းခံရသူတို့ကိုလည်းကောင်း ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ခွင့်အပ်နှင်း ထားခြင်း ဖြစ်ပါသည်။ ထိုသို့အပ်နှင်းထားခြင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်စေရေး လမ်းဖွင့် ပေးထားခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွင် လူထုအင်အားမပါဘဲ ပြည့်စုံအောင်မြင်နိုင်မှုမရှိဟူသော သဘောတရားကို ဥပဒေကဖော်ညွှန်းနေခြင်း ဖြစ်ပေသည်။
မတရားဖမ်းဆီးချုပ်နှောင်ထားမှု
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀ တွင်-
မတရားဖမ်းဆီးချုပ်နှောင်ထားမှု (Wrongful Confinement) ၏ အဓိပ္ပာယ်ကို ဖော်ပြထားရာ-
“မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို ပိုင်းခြားသတ်မှတ်ထားသော နေရာမှ အခြားသို့ မသွားမလာရအောင် တားဆီးရန်၊ မတရားတားဆီးကန့်ကွက် လျှင် တားဆီးကန့်ကွက်သူသည် ထိုသူကို မတရားချုပ်နှောင်ထားသည်မည်၏” ဟူ၍ ဖွင့်ဆိုထားသည်။
အဘိဓာန်အမျိုးမျိုး
ဖမ်းဆီးခြင်း၏အနက်အဓိပ္ပာယ်ကို စာရေးဆရာ ကြင်ဦးလူက Websters New World Law Dictionary; Oxford Dictionary; Encyclopedia Britannica; The Concise Universal Encyclopedia တို့ကို ကိုးကား၍ အဓိပ္ပာယ်ဖွင့် ရေးသားထားပါသည်။ ဖမ်းဆီးခြင်း၏အကြောင်း သိရှိလိုသော အလုပ်သင်ရှေ့နေမောင်ပျင်းရိတို့အနေဖြင့် မပျင်းမရိ ရှာဖွေလေ့လာ ဖတ်ရှုကြပါ---။ ဖတ်ရှုပြီးလျှင်လည်း “အချင်းချင်း ဆွေးနွေးကြပါ။ ဝေဖန်ကြ ပါ” ဟု တိုက်တွန်းအကြံပြုလိုက်ပါသည်။
တနင်္ဂနွေနေ့တွင်ဖမ်းဆီးခြင်း
ဖမ်းဆီးမှုကို တနင်္ဂနွေနေ့အပါအဝင် ရုံးပိတ်ရက်များမှာ ဆောင်ရွက်ပါက ဥပဒေနှင့်မညီကြောင်း စွပ်စွဲပြောဆိုမှုများအပေါ် လက်မခံသင့်ကြောင်း၊ အမှန်မှာ ဖမ်းဆီးခြင်းသည် တရားခံ သို့မဟုတ် စွပ်စွဲခံရသူထွက်ပြေးလွတ်မြောက်မှုမရှိစေရေးနှင့် မှုခင်းစုံစမ်းထောက်လှမ်းဖော်ထုတ်မှုတို့အတွက် အရေးကြီးလျှင် ကြီးသလို တနင်္ဂနွေအပါအဝင် ရုံးပိတ်ရက်များတွင်လည်း ဖမ်းဆီးနိုင်ကြောင်း ရည်ညွှန်းအကိုးအကားဖြင့် စာရေးဆရာ ကြင်ဦးလူက တင်ပြထားပေသေးသည်။
အကိုးအကားဆက်စပ်လေ့လာ
ဖမ်းဆီးခြင်း၏အဓိပ္ပာယ်၊ ရှောင်ရန်၊ ဆောင်ရန် စသည့်ဥပဒေ ဗဟုသုတ အဖြာဖြာ ပြည့်စုံစေဖို့ ရည်ညွှန်းကျမ်းများကိုပါ အကိုးအကားပြု ဆက်စပ် လေ့လာအပ်ပါသည်။ အဓိကကျမ်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ရဲလက်စွဲအပါအဝင် ထင်ရှားသော ဥပဒေကျမ်းပြုဆရာ များ၏ ဥပဒေစာအုပ်များ၊ စီရင်ထုံးများကိုလည်း မမေ့မလျော့ ဆက်စပ် လေ့လာကြဖို့ လိုအပ်ပါမည်။ ဥပဒေနယ်ပယ် ကျယ်ဝန်းလှပေသည်။
စေတနာ
ဖမ်းဆီးခြင်းအကြောင်း ဥပဒေဗဟုသုတမေးမြန်းခဲ့သော အလုပ်သင် ရှေ့နေမောင်ပျင်းရိ၏ မေးခွန်းကို ဖြေဆိုရန် တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။
မြန်မာ့အလင်း