ဦးဟန်ညွန့်(ဥပဒေ)

 

ပြီးခဲ့သည့်အပတ်က

ပြီးခဲ့သည့်အပတ်က ဥပဒေကို ပြင်ဆင်ခြင်းအကြောင်း တင်ပြရေးသားခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ပတ်တွင် ဥပဒေကို ရုပ်သိမ်းခြင်းအကြောင်း ဆက်လက်တင်ပြပါရစေ ...။

 

ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေဖြန့်ချိသော ဥပဒေမူကြမ်း ရေးဆွဲရေးလမ်းညွှန်စာအုပ်တွင် အပိုင်း (၉)ပိုင်း တင်ပြထားရာ အပိုင်း (၈)တွင် ဥပဒေကို ရုပ်သိမ်းခြင်းအကြောင်း ဖော်ပြထားပါသည်။ ဥပဒေကို ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ပြောင်းလဲသည့်အခြေအနေနှင့် လျော်ညီစေရန် ဥပဒေအသစ်ရေး၍ တည်ဆဲဥပဒေအဟောင်းကို ရုပ်သိမ်းလေ့ရှိပါသည်။ ဆက်လက်ကျင့်သုံးရန် မလိုတော့သဖြင့် ဥပဒေအသစ်ရေးခြင်းမပြုဘဲ တည်ဆဲဥပဒေကို ရုပ်သိမ်းခြင်းပြုလေ့ရှိပါသည်။

 

မောင်ပျင်းရိ၏မေးခွန်း

“ဥပဒေကို ရုပ်သိမ်းခြင်းနဲ့ပတ်သက်လို့ ဘယ်လိုအခြေအနေတွေမှာ ရုပ်သိမ်းနိုင်ပါသလဲ။ ဆရာကြီးအနေနဲ့ ဥပဒေရေးဆွဲရေး အတွေ့အကြုံများနဲ့ အညီကိုးကားပြီး ရှင်းပြပေးပါ” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက မေးမြန်း လာပါသည်။ သူ၏မေးမြန်းချက်နှင့် ပတ်သက်၍ စာရေးသူ၏အတွေ့အကြုံများနှင့် ပေါင်းစပ်လျက် ရှင်းလင်းရေးသား တင်ပြအပ်ပါသည်။

 

အခြေအနေတစ်ရပ်ရပ်

တည်ဆဲဥပဒေ တစ်ရပ်ရပ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လာသည့်အခါ ထိုဥပဒေကို ရုပ်သိမ်းနိုင်သည်-

(က) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်ခြင်း၊

(ခ) နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးမပြုခြင်း၊

(ဂ) ပြောင်းလဲလာသည့်အခြေအနေနှင့် လုံးဝဆီလျော်မှုမရှိခြင်း၊

(ဃ) အချိန်ကာလ ကြာမြင့်စွာ ကျင့်သုံးမှုမရှိသည့်အပြင် အနာဂတ်ကာလတွင်လည်း ဆက်လက်ကျင့်သုံးရန် အကြောင်းမရှိခြင်း၊

 

တည်ဆဲဥပဒေတစ်ရပ်ရပ်သည် ပြောင်းလဲလာသည့် အခြေအနေနှင့် ဆီလျော်မှုရှိစေရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းနှင့် ပယ်ဖျက် ခြင်းတို့ပြုရာတွင် ပြင်ဆင်ချက်များမှာ မူလပြဋ္ဌာန်းချက်များ၏ ထက်ဝက်ကျော်နေပါက ပြင်ဆင်သည့်ဥပဒေဖြင့် ရေးဆွဲထုတ်ပြန်ခြင်းမပြုဘဲ ဥပဒေအသစ်ရေး၍ ဥပဒေအဟောင်းကို ရုပ်သိမ်းသည့် ရေးထုံးများလည်းရှိသည်။

 

မောင်ပျင်းရိ၏မေးခွန်း

“ဥပဒေမူကြမ်းရေးဆွဲတာနဲ့ပတ်သက်လို့ သိကောင်းစရာအချို့ကို ကျွန်တော်တို့ “လူငယ်တွေ၊ အလုပ်သင်ရှေ့နေ တွေ” ကို ဆက်ပြီးရေးပြ၊ ရှင်းပြပါဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ထပ်မံမေးမြန်းလာပါသည်။

 

ရေးဆွဲရေးလမ်းညွှန်

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေသော ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကိုအခြေခံ၍ ကျွန်တော်၏ ဥပဒေရေးဆွဲရေး အတွေ့အကြုံအချို့ကို ရှင်းလင်းရေးသားပါမည်။ အကြမ်းအားဖြင့် အောက်ပါအတိုင်း ခေါင်းစဉ်များ ခွဲခြားနိုင်ပါသည်-

 

(၁) ဥပဒေအသစ်ရေးပြီး တည်ဆဲဥပဒေအဟောင်းကို ရုပ်သိမ်းခြင်း၊

(၂) ဥပဒေထုတ်ပြန်သည့်နေ့တွင် ချက်ချင်းရုပ်သိမ်းခြင်းမပြုသေးဘဲ အချိန်ကာလတစ်ခုမှစ၍ ရုပ်သိမ်းခြင်း၊

(၃) ဥပဒေထုတ်ပြန်သည့်နေ့တွင် ရုပ်သိမ်းခြင်း၊

(၄) ဥပဒေအများအပြားကို တစ်ပေါင်းတည်းရုပ်သိမ်းခြင်း၊

(၅) ဥပဒေတစ်ခုချင်းကို ရုပ်သိမ်းခြင်းတို့ ဖြစ်ပါသည်။

 

(၁) ဥပဒေအသစ်ရေးပြီး တည်ဆဲဥပဒေအဟောင်းကို ရုပ်သိမ်းခြင်း

ပြောင်းလဲလာသော အခြေအနေအရ လက်ရှိတည်ဆဲဥပဒေမှာ အံဝင်ခွင်ကျမရှိသည့်အခါဖြစ်စေ၊ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊ ပြောင်းလဲလာသည့် အခြေအနေနှင့် ကိုက်ညီသည့် ဥပဒေအသစ်ကိုရေးပြီး ထိုဥပဒေ၏ နောက်ဆုံးပုဒ်မအဖြစ် လက်ရှိတည်ဆဲဥပဒေအဟောင်းကို ရုပ်သိမ်းကြောင်း ဖော်ပြလေ့ရှိပါသည်။

 

ဥပဒေအသစ်ရေးသည့်အခါ နောက်ဆုံးပုဒ်မတွင် မည်သည့်တည်ဆဲဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်ဟု ရေးရသည်။ ဤသို့ရုပ်သိမ်းရာ၌ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေကို ရုပ်သိမ်းပါက ရုပ်သိမ်း လိုက်သည့်ဥပဒေကို မူရင်းအင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရမည်။ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းသောတည်ဆဲ ဥပဒေအမည် ကို မြန်မာဘာသာဖြင့် ဖော်ပြရသည်။ ရုပ်သိမ်းလိုက်သည့် ဥပဒေအမည်ကို ဖော်ပြရာ၌ မည်သည့်ဥပဒေပြုအဖွဲ့၊ ဥပဒေအမှတ်နှင့် ခုနှစ်တို့ကို ဖော်ပြသည့် ဥပဒေများလည်းရှိသည်။

 

(၂) ဥပဒေထုတ်ပြန်သည့်နေ့တွင် ချက်ချင်းရုပ်သိမ်းခြင်းမပြုသေးဘဲ အချိန်ကာလတစ်ခုမှစ၍ ရုပ်သိမ်းခြင်း

ဥပဒေအသစ်ရေး၍ တည်ဆဲဥပဒေအဟောင်းကို ရုပ်သိမ်းသည့်အခါဖြစ်စေ၊ ဥပဒေအသစ်ရေးခြင်းမပြုဘဲ ဆက်လက် ကျင့်သုံးရန် မလိုတော့သဖြင့် တည်ဆဲဥပဒေကို ရုပ်သိမ်းသည့်အခါဖြစ်စေ၊ ဥပဒေပြဋ္ဌာန်းသည်နှင့် တစ်ပြိုင်နက် ရုပ်သိမ်းသည်များရှိသကဲ့သို့ ချက်ချင်းရုပ်သိမ်းခြင်း မပြုနိုင်သည့်ကိစ္စတွင် ကာလသတ်မှတ်၍ဖြစ်စေ၊ အခြား အကြောင်းတစ်ရပ်ရပ် အရဖြစ်စေ ဖော်ပြပြီး ရုပ်သိမ်းသည့် ဥပဒေများလည်းရှိသည်။

 

အချို့သောဥပဒေကို ထုတ်ပြန်သည်နှင့် ချက်ချင်းအကောင်အထည်မဖော်နိုင်သည့် ဥပဒေမျိုးတွင် ဥပဒေ စတင်အာဏာတည်စေခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် နေ့ရက်မှ စတင်အာဏာတည်စေရမည်ဟု ဖော်ပြလေ့ရှိသည်။ ဤသို့သော ဥပဒေမျိုးတွင် တည်ဆဲဥပဒေကို ပြဋ္ဌာန်းသည့်နေ့တွင် ရုပ်သိမ်းခြင်းမပြုဘဲ ပြဋ္ဌာန်းသည့်ဥပဒေအသစ် စတင်အာဏာတည်မှ ရုပ်သိမ်းသည့် ဥပဒေမျိုး လည်းရှိသည်။

 

(၃) ဥပဒေထုတ်ပြန်သည့်နေ့တွင် ရုပ်သိမ်းခြင်း

၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ)၌ “ဥပဒေတစ်ရပ်ရပ်တွင် ယင်းဥပဒေ အာဏာတည်သည့်နေ့ရက်ကို အတိအလင်းသတ်မှတ်ထားခြင်းမရှိလျှင် ယင်းဥပဒေသည် နိုင်ငံတော် သမ္မတ က ကြေညာသည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်။” ဟူသော ပြဋ္ဌာန်းချက်အရ ရုပ်သိမ်းသည့် ဥပဒေတွင် စတင်အာဏာတည်ရမည့် နေ့ရက်ကို သတ်မှတ်ထားခြင်းမရှိလျှင် ရုပ်သိမ်းသည့်ဥပဒေကို ထုတ်ပြန် ကြေညာသည့်နေ့ရက်မှ စတင်အာဏာတည်ပါသည်။ ဥပဒေလေ့လာသူတိုင်း သတိမူသင့်သော အချက်ဖြစ်ပါသည်။

 

ရည်ညွှန်းစာအုပ်များ

ဥပဒေရေးဆွဲခြင်းနှင့် စပ်လျဉ်း၍၊ ဥပဒေပညာရှင်များဖြစ်ကြသော ဝဏ္ဏကျော်ထင်ဦးလွန်းဖေ၊ ဆရာဦးဗကြိုင်၊ ဦးကျော်စိန်၊ ဦးစန်းလွင်နှင့် ကြည်ခင်(ဥပဒေ)တို့ ရေးသားပြုစုခဲ့သော စာအုပ်စာစောင်များကိုလည်း ရှာဖွေဖတ်ရှုစေ လိုပါသည်။ ရည်ညွှန်းစာအုပ်စာစောင်များ ဖြစ်ပါသည်။

 

လေ့လာစရာများ

ဥပဒေအများအပြားကို တစ်ပေါင်းတည်း ရုပ်သိမ်းခြင်းနှင့် ဥပဒေတစ်ခုချင်းကို ရုပ်သိမ်းခြင်းဟူ၍လည်း ရှိတတ်ပါ သည်။ အဆိုပါအကြောင်းကို ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ် စာမျက်နှာ ၁၃၆ နှင့် ၁၃၇ တို့တွင် ရှာဖွေလေ့လာနိုင်ပါသည်။

 

စေတနာ

ဥပဒေကိုရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေဖြန့်ချိသော ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကို ရည်ညွှန်းကိုးကားပြီး တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏ စေတနာဥပဒေအတွေး မျှသာပါ....။ ။