နေပြည်တော်  ၂၈  မတ်

ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေဘာသာပြန် ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၁/၂၀၁၈ ဖြင့် ဥပဒေ ၉ ခု၏ ဘာသာပြန်ဆိုချက်များကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ကော်မရှင်၏ အတည်ပြု ထုတ်ပြန်သော မြန်မာဘာသာ ပြန်ဆိုချက်သည် မူရင်းဥပဒေနှင့် အလားတူ အာဏာတည်ပါကြောင်း၊ သို့ဖြစ်၍ ဘာသာပြန်ဆိုသော လုပ်ငန်းများကို အသေးစိတ်စိစစ်၍ အမှားအယွင်း မရှိစေရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးပြီးဖြစ်သည့် ဥပဒေ ၆ ခုကို ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဥပဒေ ၅ ခုကို ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း၊ ဘာသာပြန် လုပ်ငန်းအဖွဲ့များ၏ ဘာသာပြန်ဆိုဆဲ ဥပဒေ ၇ ခုကို အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)