ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော်၊ စက်တင်ဘာ  ၂၈

 

နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်  ဆန့်ကျင်လျက်ရှိ သည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား  ဥပဒေ ဘောင်အတွင်းသို့  ပြန်လည်ဝင် ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့  ဝင်ရောက်လာ သူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကား ပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့ နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးသည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်