၂၆   ဩဂုတ်

ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၃၂)

မောင်ပျင်းရိ၏မေးခွန်း

“ဆရာကြီးခင်ဗျာ ဆရာကြီး၏ အမည်နှင့် စာအုပ်တစ်အုပ် စာတိုက်က ရောက်လာပါတယ်။ ပေးပို့သူက ဥပဒေပါမောက္ခ ဒေါက်တာမြင့်ဇံ ဖြစ်ပါတယ်။ စာအုပ်အမည်က “ ဥပဒေဆိုင်ရာအမြင်တစ်ရပ်နှင့် အခြားစာစုများ” ဖြစ်ပါ တယ်။ အဲဒီစာအုပ်နဲ့ပတ်သက်ပြီး စာအုပ်သုံးသပ်ချက် ရေးပေးပါလား ခင်ဗျာ။ ဆရာကြီးရဲ့ စာအုပ် ဝေဖန်ချက်၊ သုံးသပ်ချက်များကို ဖတ်ရှုလိုပါတယ် ခင်ဗျာ” ဟု အလုပ်သင်ရှေ့နေမောင်ပျင်းရိက ကျွန်တော့်အား တင်ပြလာပါ သည်။

ဥပဒေဆိုင်ရာအမြင်တစ်ရပ်

အလုပ်သင်ရှေ့နေမောင်ပျင်းရိ မေးမြန်းသော မေးခွန်းများကို ကျွန်တော် ဉာဏ်မီသမျှ ဖြေကြားပါမည်။ ဒေါက်တာမြင့်ဇံ ရေးသားပြုစုသော စာအုပ် အမည်မှာ “စတီဖင်ဟောကင်း၏ ဥပဒေဆိုင်ရာ အမြင်တစ်ရပ်နှင့် အခြား စာစုများ” စာအုပ် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ရန်ကုန်မြို့ ရွှေစာပေတိုက်က ထုတ်ဝေပါသည်။

မာတိကာ

ဒေါက်တာမြင့်ဇံ၏ “စတီဖင်ဟောကင်း၏ ဥပဒေဆိုင်ရာ အမြင်တစ်ရပ် နှင့် အခြားစာစုများ” စာအုပ်တွင် အပိုင်း(၆)ပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ အပိုင်း(၁) ပုဂ္ဂိုလ်ရေးဂုဏ်ပြုမှုဆောင်းပါးများ၊ အပိုင်း(၂) ပညာရေး(မ)ပြောင်းလဲမှုဆိုင်ရာ ဆောင်းပါး၊ (၃) သမိုင်းမှတ်တမ်း ပြင်ဆင်ပြောင်းလဲမှု ဆိုင်ရာဆောင်းပါး၊ (၄) တရားစီရင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားဥပဒေ စိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဆောင်းပါးများ၊ အပိုင်း(၅) သိပ္ပံ ဆိုင်ရာဆောင်းပါးများ၊ အပိုင်း(၆) သိပ္ပံ နှင့် ဥပဒေဒဿနဆိုင်ရာ ဆောင်းပါး များဟူ၍ ခွဲခြားရေးသား တင်ပြထား သည်ကို တွေ့ရှိရပါသည်။

အပိုင်း(၆)ပိုင်းတွင် အပိုင်း(၄)မှာ တရားစီရင်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဆောင်းပါး များ ဖြစ်ပါသည်။ အပိုင်း(၆)တွင် သိပ္ပံ နှင့်ဥပဒေဆိုင်ရာဆောင်းပါးများ ပါဝင် ကာ စတီဖင်ဟောကင်း၏ ပြဋ္ဌာန်း စီရင်ပြီးအယူအဆနှင့် စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ အမြင်တစ်ရပ်ဆောင်းပါး ပါရှိပါသည်။

စတီဖင်ဟောကင်းဆိုတာ ဘယ်သူလဲ

စတီဖင်ဟောကင်းဆိုတာ ဘယ်သူပါလဲ။

သိပ္ပံပညာရှင် စတီဖင်ဟောကင်းမှာ (၈ ဇန်နဝါရီလ ၁၉၄၂ တွင် မွေးဖွား ပြီး၊ ၁၄ မတ် ၂၀၁၈)တွင် ကွယ်လွန်သည်။ သူသည် “လူပြိန်း” နားလည်နိုင်သော စာသား။ စကားများဖြင့် စာအုပ်ပေါင်း များစွာကို အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားခဲ့ရုံမက သူ့ဘာသာရပ်နယ်ပယ် (subject domain) မဟုတ်သော“ကိစ္စရပ်များ၊ကောက်ချက်များနှင့်စပ်လျဉ်းပြီး မှတ်ချက်ပြုခဲ့သူဖြစ်ပါသည်။ သိပ္ပံပညာရှင် စတီဖင်ဟောကင်းသည် ၁၉၉၀ ပြည့်နှစ် ဧပြီလတွင် အင်္ဂလန် နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်၌ “အရာရာဟာ ပြဋ္ဌာန်းစီရင်ပြီးသားလား”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

စတီဖင်ဟောကင်းသည် သိပ္ပံပညာရှင်ဖြစ်သည်နှင့်အညီ လူ့အပြုအမူ တချို့ကို ဟောကိန်းမှန်မှန်ထုတ်ဖို့ ဦးနှောက်နှင့် နာဗ်ကြောဆိုင်ရာ သိပ္ပံ ပညာရပ်များ (brain and neuro sciences) ကို မူတည်ပြီး ဥပမာပေးပါသည်။ ထိုအကြောင်းကို ဥပဒေဆိုင်ရာ အမြင်တစ်ရပ်နှင့် အခြားစာစုများ စာအုပ် (စာ-၂၄၈)တွင် အကျယ်ဖတ်ရှုနိုင်ပါသည်။ မောင်ပျင်းရိတို့ လူငယ်အလုပ်သင် ရှေ့နေများ ဆက်လက်ဆွေးနွေး လေ့လာစေလိုပါသည်။

“Free Will” မရှိသော်လည်း ရှိဘိသည့်အလား လူ့အပြုအမူတို့ကို တိုင်းတာအကဲဖြတ်ရမည်ဆိုသော စတင်ဖင်ဟောကင်း၏ တင်ပြချက်ကို ဒေါက်တာမြင့်ဇံ၏ စာအုပ်စာစုများ(စာ-၂၄၉)တွင် လေ့လာဖတ်ရှုနိုင် ပါသည်။

စတင်ဖင်ဟောကင်း၏ အာဘော် (သို့မဟုတ်) ဆိုလိုရင်းမှာ စိတ်မနှံ့လို့၊ ရောဂါဖိစီးလို့၊ တချို့သော အခြေအနေများမှာ အရက်သေစာမူးယစ် သောက်စား(မိ)လို့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ (မိ)သူများဟာ သူတို့စိတ်(နှင့်ရုပ်)ကို သူတို့မနိုင်လို့၊ မထိန်းသိမ်းနိုင် (they can’t help it)လို့ အပြစ်မပေးဘူး ဆိုလျှင် ကျန်လူများ၊ အနည်းဆုံးတော့ ရာဇဝတ်မှုကျူးလွန်သူ အားလုံးဟာလည်း ပြဋ္ဌာန်းစီရင်ပြီး ဝါဒအယူအဆအရ ထိုသူများဟာလည်း သူတို့ကိုယ် သူတို့ ရာဇဝတ်မှုကျူးလွန်ခြင်းမှ ရှောင်ကြဉ်လို့မရတဲ့ (မရတဲ့) အခြေအနေကို ရောက်အောင် “ပြဋ္ဌာန်းစီရင်ပြီး” ဖြစ်တဲ့အတွက် သူတို့ကိုလည်း ဥပဒေအရ တာဝန်ရှိမှုအဖြစ်မှ လွတ်ကင်းလျော့ပါးခွင့် မပေးသင့်ဘူးလားလို့ဆိုတဲ့ မေးခွန်းမှတ်ချက်နှင့် စတီဖင်ဟောကင်းက (diminished responsibility) အယူအဆကို သုံးသပ်ဝေဖန်ထားကြောင်း ဒေါက်တာမြင့်ဇံက ရေးသားထားပါသည်။

မောင်ပျင်းရိ၏ ကြားဖြတ်မေးခွန်း

“ဆရာကြီးခင်ဗျာ စတီဖင်ဟောကင်း၏ ဥပဒေဆိုင်ရာအမြင်တစ်ရပ်နှင့် ပတ်သက်ပြီး စိတ်ကျန်းမာရေး ချို့ယွင်းမှုကြောင့် ရာဇဝတ်မှုကျူးလွန်သူတို့အကြောင်းကို အကျဉ်းမျှ ကျွန်တော်နားလည်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီး ပုဒ်မ ၈၄ မှာ စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှု အကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့သဘောရှိသည်ကို လည်းကောင်း၊ မတော်မမှန် သည်ကိုလည်းကောင်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကိုလည်းကောင်း၊ မသိနိုင် သောသူ၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်ဟု ပြဋ္ဌာန်းထားပါတယ်။ ဤပြဋ္ဌာန်းချက်နဲ့ ရည်ညွှန်းကိုးကား နိုင်ပါသလား” ဟု မောင်ပျင်းရိက ကျွန်တော့်အား မေးမြန်းလာပါသည်။

မောင်ပျင်းရိ၏ မေးမြန်းချက်မှာ သဘာဝကျပြီး ရည်ညွှန်းကိုးကားနိုင်သော အချက်ဖြစ်သည်ကို ကျွန်တော်လေ့လာ တွေ့ရှိရပါသည်။ ဆက်စပ်ယှဉ်တွဲ သုံးသပ်နိုင်ပါသည်။

ဥပဒေသိပ္ပံပညာ (Jurispruence)

ဥပဒေသိပ္ပံပညာကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဥပဒေပညာအဓိက သင်တန်း (ဒုတိယ)နှစ်တွင် တစ်ချိန်တစ်ခါက သင်ယူလေ့လာခဲ့ရသည်။ ဥပဒေသိပ္ပံဆိုသော စကားရပ်မှာ အင်္ဂလိပ်ဘာသာအားဖြင့် (Jurispruence) ကို ခေါ်ဆိုပြီး တစ်ဖန် ယင်းအင်္ဂလိပ်ဘာသာ စကားမှာလည်း လက်တင်ဘာသာ စကားရပ်များဖြစ်ကြသော Jus(Juris)နှင့် Prudentia တို့မှတစ်ဆင့် ပေါက်ဖွား လာသော ဘာသာစကားရပ်ဖြစ်ပေသည်။ ယုစ် သို့မဟုတ် ဂျူရစ်မှာ ဥပဒေဟု အဓိပ္ပာယ်ရှိပြီး ပရှူဒင်ရှားမှာ အသိပညာဟူ၍ အဓိပ္ပာယ်ရှိပေသည်။ သို့ဖြစ်ရာ စာပေဆိုင်ရာ သဘောအားဖြင့် ဥပဒေသိပ္ပံပညာဆိုသည်မှာ ဥပဒေအသိပညာ ဟူ၍ အဓိပ္ပာယ်ရလေသည်။ သို့ရာတွင် သင်ကြားလေ့လာမှုအရ သို့မဟုတ် ယေဘုယျအားဖြင့် ဥပဒေသိပ္ပံပညာဆိုသည်မှာ ဥပဒေ၏ ပထမ သဘောတရား များကို ခွဲခြမ်းစိတ်ဖြာ လေ့လာသောပညာ၊ သို့မဟုတ် ဥပဒေ၏ သိပ္ပံပညာဟူ၍ အဓိပ္ပာယ်ရရှိလေသည်။ အင်္ဂလိပ်ဥပဒေပညာရှင် ဟော်လန်ကမူ ဥပဒေသိပ္ပံ ပညာကို ဥပဒေရေးရာ အကျိုးသက်ရောက်မှုများရှိသည်ဟု ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသော လူသားအချင်းချင်း ဆက်ဆံရေးများ၏ သာမန် သိပ္ပံပညာဟူ၍ ယူဆခဲ့ကြောင်း ဥပဒေပါမောက္ခ ဆရာကြီးဦးတင်အုံးက ၎င်းရေးသားသည့် ဥပဒေသိပ္ပံပညာဟူသော စာအုပ်(စာမျက်နှာ-၃) တွင် ရေးသားခဲ့သည်ကို လေ့လာမှတ်သားရပါသည်။

ဥပဒေသိပ္ပံပညာတွင် ခွဲခြမ်းစိတ်ဖြာသောအခါ လူမှုရေးပညာဆိုင်ရာ၊ ဥပဒေသိပ္ပံပညာ၊ ကိုယ်ကျင့်တရားပညာနှင့် ဥပဒေသိပ္ပံပညာ၊ နိုင်ငံရေးနှင့် ဥပဒေသိပ္ပံပညာ၊ ဘောဂဗေဒနှင့် ဥပဒေသိပ္ပံပညာ၊ စိတ်ပညာနှင့် ဥပဒေသိပ္ပံ ပညာ စသည်ဖြင့် ခွဲခြားနိုင်ပေသည်။ ဥပဒေအမျိုးမျိုး သတ်မှတ်ပိုင်းခြားရာ တွင်လည်း အမိန့်နှင့် သတ်မှတ်သည့် ဥပဒေ၊ သိပ္ပံနည်းကျ(သို့မဟုတ်) ရုပ်ပိုင်း ဆိုင်ရာဥပဒေ၊ သဘာဝ (သို့မဟုတ်) ကိုယ်ကျင့်တရားဆိုင်ရာဥပဒေ၊ သဘော တူညီမှုဆိုင်ရာဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေ၊ လက်တွေ့(သို့မဟုတ်)အတတ် ပညာဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ  ဥပဒေနှင့် နိုင်ငံတွင်းဥပဒေဟူ၍လည်း ပိုင်းခြားနိုင်ပေသေးသည်။ မောင်ပျင်းရိတို့ လူငယ်များ ဆက်လက်လေ့လာသင့်ပါသည်။

အကြောင်းခြင်းရာ ပြဿနာ

ဥပဒေပြဿနာများကို စဉ်းစားရာတွင် တရားရုံးသည် မည်သည့်အချက် များကို အခြေခံ၍ စဉ်းစားရကြောင်း စူးစမ်းကြရပေသည်။ ဥပဒေပြဿနာနှင့် အကြောင်းခြင်းရာပြဿနာကို ဝေဖန်ပိုင်းခြား စဉ်းစားဆုံးဖြတ်ကြရပေသည်။ ဥပမာ-

(၁) ဥပဒေနှင့်ပတ်သက်၍ တရားရုံးများက မဆုံးဖြတ်ဘဲ မနေနိုင်သည့် ပြဿနာ။

(၂) ဥပဒေတစ်ရပ်၏ အဓိပ္ပာယ်ကို ကောက်ယူရာ၌ အယူအဆလွဲနေလျှင် မည်သည့်အယူအဆက မှန်ကန်သည်ကို ဖြေရှင်းရန် ပြဿနာ။

(၃) အနောက်နိုင်ငံများတွင် အမှုများကို ဂျူရီလူကြီးများနှင့် စစ်ဆေးကြရာ၌ ဥပဒေပြဿနာနှင့် ပတ်သက်လာလျှင် တရားသူကြီးကသာ ဆုံးဖြတ်ပေးနိုင်ခွင့်ရှိသည်။ ဂျူရီလူကြီးမင်းများမှာ အကြောင်း ခြင်းရာများနှင့် ပတ်သက်၍သာ ဆုံးဖြတ်နိုင်ခွင့် ရှိကြလေသည်။ သို့ရာတွင် အကြောင်းခြင်းရာများအနက်မှ အချို့ကိစ္စရပ်များကို ဂျူရီလူကြီးများက မဆုံးဖြတ်ဘဲ တရားသူကြီးက ဆုံးဖြတ်ရသဖြင့် ယင်းအကြောင်းခြင်းရာများကို ဥပဒေပြဿနာထဲ၌ သွတ်သွင်းရ ကြောင်း လေ့လာမှတ်သားရပေသည်။

စေတနာ

ဒေါက်တာမြင့်ဇံ ပေးပို့လာသော “စတီဖင်ဟောကင်း၏ ဥပဒေဆိုင်ရာ အမြင်တစ်ရပ်နှင့် အခြားစာစုများ စာအုပ်” အကြောင်းကို သုံးသပ်ပေးရန် အလုပ်သင်ရှေ့နေ မောင်ပျင်းရိက မေးမြန်းလာသောကြောင့် ဥပဒေဆိုင်ရာ အမြင်တစ်ရပ်အပေါ် တွေးခေါ်မိသော ကျွန်တော့်၏ စေတနာဥပဒေ အတွေးမျှသာပါ....။

ဦးဟန်ညွန့် (ဥပဒေ)