ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၃

နေပြည်တော် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ် ဧရိယာ (၃၄၈၅) စတုရန်းပေအား ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်နိုင်ရန် ပထမအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်  အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် လယ်ဝေးမြို့ ပေါက်မြိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က စေတီ တော်မြတ်ကြီးတွင် ရွှေစင်ရွှေပြား ကပ်လှူပူဇော်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားကြသည်။

ထို့နောက် ဝန်ကြီးဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္ပဏီများ၊ တစ်ဦးချင်း အလှူရှင် များက အလှူငွေများ လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ လယ်ဝေးမြို့ အင်းသာအရှေ့ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

ယနေ့အထိ အလှူတော်ငွေ လက်ခံရရှိမှု အနေဖြင့် အလှူရှင် ၃၂၁ ဦးမှ ရွှေစင်ရွှေပြား ၆၆၈ ချပ်အတွက် အလှူတော်ငွေ ၁၃၈၇၇၇၉၄၀၀၊ ရွှေဆေးသင်္ကန်း တော် အတွက် ငွေကျပ် ၁၄၅၀၂၁၃၂၃၅ ဒသမ ၄၀ စုစုပေါင်းငွေကျပ် ၂၈၃၇၉,၉၂,၆၃၅ ဒသမ ၄၀ (ငွေကျပ် နှစ်သောင်းရှစ်ထောင် သုံးရာခုနစ်ဆယ့် ကိုးသိန်း ကိုးသောင်း နှစ်ထောင်ခြောက်ရာ သုံးဆယ့်ငါးနှင့် ပြားလေးဆယ် တိတိ) ရရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်