ဝါရှင်တန် ၁၅ ဖေဖော်ဝါရီ


အမေရိကန်သည် ဥရောပမှ လေယာဉ်တင်ပို့မှု အပေါ် လက်ရှိကောက်ခံနေသည့် အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ ထပ်မံတိုးမြှင့် သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

 


အခွန်တိုးကောက်ခံမှုသည် လာမည့်မတ်လ ၁၈ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန် လေယာဉ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ဘိုးရင်းနှင့် ပြင်သစ်အခြေစိုက် အဲဘတ်စ် ကုမ္ပဏီတို့အပေါ် ၎င်းတို့က အသီးသီးထောက်ပံ့ကြေး ပေးအပ်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။ နှစ်ဖက်စလုံးက ထိုသို့အကူအညီ ပေးအပ်နေမှုမှာ တရားမဝင်ကြောင်း တစ်ဖက်နှင့် တစ်ဖက် အပြစ် တင်လျက်ရှိသည်။


ပြီးခဲ့သည့်နှစ်က အမေရိကန်အစိုးရသည် ဥရောပမှ လေယာဉ်များအပေါ် ထပ်ဆောင်း အခွန်ကောက်ခံခဲ့ပြီး ဒိန်ခဲနှင့် ဝိုင်အပါအဝင် လယ်ယာထွက်ပစ္စည်းနှင့် အခြားကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့သည်။ လေယာဉ်နှင့် မသက်ဆိုင်သည့် အခြားကုန်စည်များအပေါ်တွင် ထပ်ဆောင်း အခွန်ကောက်ခံသည့်နှုန်းကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂအနေဖြင့် အဲဘတ်စ် ကုမ္ပဏီအပေါ် ထောက်ပံ့ပေးနေမှုကိုလျှော့ချရန် ၎င်းက တိုက်တွန်းတောင်းဆိုလိုက်သည်။

 

အေအက်ဖ်ပီ