ရန်ကုန် ဧပြီ ၃
ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းရတနာနယ်မြေမှ ဥရုချောင်းပျက်စီးမှုများကို စနစ်တကျလေ့လာဆန်းစစ်မှု ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် Total Business Solution Co., Ltd. တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
သဘောတူစာချုပ် လက်မှတ်ရေးထိုး
အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ(၁) ဦးလှစိုးဦးက အမှာစကားပြောကြားပြီး အသင်း၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးညီညီက သဘောတူစာချုပ်ပါ အချက်အလက်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Total Business Solution Co., Ltd. ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစိုးမိုးကျော်ဝင်းက လေ့လာဆန်းစစ်မှု ပြုလုပ်မည့် လုပ်ငန်းစဉ်များအကြောင်းကို ပြောကြားပြီး နှစ်ဖက်တာဝန်ရှိ ပုဂ္ဂိုလ်များက သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။
“ကျွန်တော်တို့လည်း နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရေးလုပ် လာတာပဲ။ ဒါပေမယ့် နည်းပညာတွေ နောက်ကျတဲ့အတွက် ဒီဥရုချောင်းကြီး တိမ်ကောပြီး လက်ရှိအခြေအနေအထိ ရောက်လာတာပေါ့။ ဒါတွေကိုကုစားဖို့ အခုလို ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးဥရုချောင်းကြီးကို ပြန်လည်ထူထောင်ချင်စိတ် အပြည့်နဲ့ လုပ်တာပါ”ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဒုဥက္ကဋ္ဌ(၁) ဦးလှစိုးဦးက ပြောကြားသည်။
ဥရုချောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၊ ၃၀ ခန့်က ရေများစိမ်း၍ ကြည်လင်ကာ ရေစီးရေလာကောင်းမွန်ခဲ့သော်လည်း လက်ရှိတွင် ရေများနောက်ကျိလျက်ရှိကြောင်း သိရသည်။ ချောင်းအနီးရှိ ကျေးရွာများတွင် ယခင်က အိမ်ခြေ ၅၀-၁၀ဝ ခန့်သာရှိခဲ့သော်လည်း ယခုအခါ အိမ်ခြေထောင်နှင့်ချီ၍ နေထိုင်လာသည့်အတွက် ချောင်းမှာ တိမ်ကောလာခြင်း ဖြစ်ကြောင်း သိရသည်။
ထွက်လာတဲ့ရလဒ်တွေကို အသုံးပြု
ဥရုချောင်းတစ်လျှောက် လေ့လာဆန်းစစ်မှုများ ပြုလုပ်မည့် Total Business Solution Co., Ltd. ၏ မန်နေးဂျင်း ဒါရိုက်တာက “ဖားကန့် လုံးခင်းဒေသမှာ ကျောက်စိမ်းတူးဖော်တာဟာ လွန်ခဲ့တဲ့ ၁၈ ရာစုလောက် ကတည်းက စတာ။ အဲဒီတော့ နှစ်ပေါင်းများစွာ တူးဖော်ထားတဲ့အတွက် ဥရုချောင်းကြီးက ပျက်စီးမှုတွေဖြစ်နေတာပါ။ ဒီဟာတွေကို စနစ်တကျ လေ့လာပြီးတော့မှ ပြုပြင်ထိန်းသိမ်းမှု အစီအမံတွေကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ မှန်မှန်ကန်ကန်လေ့လာပြီး ထွက်လာတဲ့ ရလဒ်တွေကို အသုံးပြုပြီး ဆက်လက်ပြုပြင်မှုတွေ လုပ်မယ်ဆိုရင် ဒေသအတွက် အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ
ဥရုချောင်းမှာ ၂၂၆ ကီလိုမီတာခန့် ရှည်လျားပြီး ချင်းတွင်း မြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။ ဥရုချောင်းတစ်လျှောက် ကျောက်စိမ်းတူးဖော်ခြင်းနှင့် ရွှေတူးဖော်မှုများကြောင့် မြစ် ကြောင်းမှာ ပျက်စီးမှုများစွာ ဖြစ်ပွားလျက်ရှိနေသည်။ အဓိက ပျက်စီးမှုမှာ ဖားကန့် လုံးခင်းတစ်ဝိုက်တွင်ဖြစ်သော်လည်း သယံဇာတတူးဖော်မှုများကြောင့် အခြားနေရာများတွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်ရာ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို မြစ်ကြောင်းတစ်လျှောက် လုပ်ကိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဥရုချောင်းလေ့လာဆန်းစစ်မှုကာလကို တစ်နှစ်ခန့် အချိန် ကာလသတ်မှတ်ထားပြီး ကွင်းဆင်းလေ့လာမှုများကို မေလခန့် တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ချောင်းကို လေ့လာခြင်း၊ မြေပြိုမှု များအကြောင်း လေ့လာခြင်းနှင့် ဆန်းစစ်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရာတွင် မြန်မာပညာရှင်များအပြင် နိုင်ငံခြားပညာရှင်များ ပါ ပါဝင်မည်ဖြစ်ပြီး တိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် ပြည်တွင်းပညာရှင်များဖြင့် လုပ်ကိုင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-ထိန်လင်း


