နေပြည်တော် ၂၁ မတ်
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူ့စကားဝိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြည်သူ့စကားဝိုင်းသည် လက်ရှိအစိုးရနှင့် ပြည်သူကြား ညှိနှိုင်းဆွေးနွေးတဲ့ သဘောဖြစ်ပါကြောင်းနှင့် သိလိုသည်များကို အပြုသဘောဆောင်၍ မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်ကြောင်း၊ သို့မှသာ ပြည်သူ့စကားဝိုင်း၏ အနှစ်သာရကို ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ပြည်သူ့စကားဝိုင်းကို ဒီမိုကရေစီ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်၊ ဥတ္တရသီရိမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းငြိမ်းဇော်နှင့် ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနောဆာဝူတို့မှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေးမြောင်းများ ဖောက်လုပ်ပေးစေရေး၊ သစ်တောမြေဆိုင်ရာကိစ္စရပ်များ ကျေးရွာအားကစားကွင်း တည်ဆောက်ပေးရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်(ပြန်/ဆက်)


