ရှင်နော်

ဤရက်ပိုင်းများအတွင်း ရန်ကုန်မိုးက တိတ်တစ်လှည့် ရွာတစ်လှည့်ဖြစ်လို့နေသည်။ နေသာသည့်နေ့တွင် တစ်နေ့တာပတ်လုံး ပူပြင်းသလို၊ မိုးရွာသည့်ရက်တွင် အအေး ဓာတ်က ပိုလို့နေသည်။ မိုးတွင်းကာလ နေပူပူ မိုးရွာရွာဖြစ်လင့်ကစား ရန်ကုန်သူ၊ ရန်ကုန် သားတို့က စားဝတ်နေရေးတည်းဟူသော ဘဝ ရပ်တည်ရေး အတွက်ရုန်းကန်နေကြရသည်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားခံရ သော ကိုဗစ်-၁၉ ကူးစက်မှုဒဏ်ကို နှာခေါင်းစည်းတစ်ခုဖြင့် ကာကွယ်ရင်း မြို့တော်ရန်ကုန်တွင် ဘဝပေါင်းများစွာက အသက်ရှင်သန်ရေးအတွက် ရုန်းကန် ရပ်တည်နေကြရသည့် အချိန်အခါဖြစ်သည်။
ရန်ကုန်မြေအနှံ့ နေရာယူထားသော ကတ္တရာ၊ ကွန်ကရစ်တို့ကြောင့် အေးမြ လတ်ဆတ်သောမိုးရေကို ရန်ကုန်မြေထုက သောက်သုံးခွင့်မရပေ။ စီရရီပေါ်ပေါက် လာသော ကန်ထရိုက်တိုက်၊ ကွန်ဒိုတိုက်နှင့် လုံးချင်းအိမ်ရာများ၏ စွန့်ပစ်ရေက ကွန်ကရစ်မြောင်းအသုံးပြုကာ ချောင်းငယ်၊ မြောင်းငယ်များသို့ တိုက်ရိုက်သွားရောက် ရသည့်အတွက် ရန်ကုန်မြေထုက ရေငတ် သည့်အခက်အခဲနှင့် ကြုံတွေ့ရသည်။ လူ နေအိမ်များပြားလာမှုကြောင့် သောက်သုံး ရေလိုအပ်ချက်သည် အဓိကဖြစ်လာပြီး ရန်ကုန်မြေထုအောက်တွင် သိုမှီးထားသော မြေအောက်ရေမှာစနစ်မဲ့ အသုံးခံဖြစ်လာ ရသည်။ ထို့ကြောင့်ပင် ရာသီဥတုပြောင်းလဲမှု က တမင်မဖိတ်ခေါ်ဘဲ လူသားတို့ထံ အရောက်လာလေတော့သည်။ ရေသည် သက်ရှိလူသားတို့အတွက် မရှိမဖြစ် အရေးပါသောအရာတစ်ခုဖြစ်သည်။ ရေကို သိုလှောင်သိမ်းဆည်းထားရန် သစ်ပင်၊ ပန်းပင်ကဲ့သို့ အပင်ကြီးငယ်တို့သည်လည်း လိုအပ်လျက်ရှိသည်။
လူဦးရေများပြားမှုနှင့်အတူ ရန်ကုန်၏ လိုအပ်ချက်က အဘက်ဘက်မှ ဖြည့်ဆည်း၍ လက်မလည်နိုင်အောင်ဖြစ်ရသည်။ တစ်ဦး တစ်ယောက် တစ်ဖွဲ့ချင်းသာမက အဖွဲ့ပေါင်းစုံ၊ လူတန်းစားပေါင်းစုံမှ ပါဝင်အားဖြည့်ကူညီ ကြရသည်။ ရှေးယခင်က မိုးဦးကျရာသီတွင် ကျောင်းများ၊ ဌာနဆိုင်ရာများအလိုက် သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ကြလေ့ရှိသည်။ ယခုအခါ ကိုဗစ်အရေးကြောင့် ကျောင်းများ မဖွင့်နိုင်သလို၊ တိုင်းပြည်အရေးဦးစားပေး နေရသည့်အတွက် သစ်ပင်စိုက်ပျိုးမှုကို အလေးမထားနိုင်သေးပေ။ သူသူငါငါ ကိုဗစ် ဘေးနှင့် ဘဝရပ်တည်ရေး လုံးပန်းနေသော် လည်း ရန်ကုန်မြို့ကြီး သန့်ရှင်းသာယာလှပ ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ကြိုးပမ်း နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Clean Yangon အဖွဲ့သားများအနေဖြင့် ဇူလိုင် ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း၌ သစ်ပင်ပေါင်း ၅၀၀ ကျော်ကို သွားရောက်စိုက်ပျိုးခဲ့ကြောင်း သိရှိ ခဲ့ရသည်။
မရှိမဖြစ် လိုအပ်နေသောကာလ
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နေ လူတန်းစားအသီးသီးအဖို့ လေကောင်း လေသန့် ဝဝလင်လင် ရှူရှိုက်နိုင်ရန်၊ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ စားသုံး နိုင်ရန်၊ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်သော အရိပ်ခိုနားရန် သစ်ပင်ကြီးငယ်များသည် မရှိမဖြစ် လိုအပ်နေသောကာလဖြစ်သည်။ ထို့ကြောင့်ပင် ရန်ကုန်၏ လိုအပ်ချက်တစ်ရပ် ဖြစ်သော သစ်ပင်စိုက်ပျိုးမှုကို အကောင် အထည်ဖော်နေသည့် Clean Yangon ကို အချိန်မဆိုင်းဘဲ ဆက်သွယ်မေးမြန်းခဲ့ရာ တွင် Clean Yangon အဖွဲ့တာဝန်ခံ ကိုဇေယျာ ထွန်းက “ဒီနှစ် မိုးရာသီအတွက်ကတော့ Go Clean Challenge 2020 ဆိုပြီး လုပ်ထား တာလေးရှိပါတယ်။ ဒီအစီအစဉ်လေးကတော့ အရိပ်ရ သစ်ပင်လိုအပ်တဲ့နေရာတွေ၊ စိမ်းလန်း စိုပြည် ဖို့လိုတဲ့နေရာတွေကို သစ်ပင်စိုက်ပျိုး လှူဒါန်းမှုတွေ လုပ်သွားမှာပါ။ ပထမဆုံး လှုပ်ရှားမှုအနေနဲ့ လှည်းကူးမှာရှိတဲ့ မေတ္တာ မွန်ပရဟိတကျောင်းမှာ အပင်ပေါင်း ၁၀၀ နီးပါး စိုက်ပျိုးလှူဒါန်းခဲ့ပါတယ်။ နောက်တစ်ခု ကကျတော့ လှည်းကူးအကျော် ကံ့ကော် တစ်ထောင်ဘုရားမှာ ကံ့ကော်ပင်လေးတွေ လှူဖြစ်ခဲ့တာရှိတယ်။ ဒီနေ့ ဇူလိုင် ၅ ရက်နေ့ မှာတော့ တိုက်ကြီးမြို့နယ် ချောင်းကျိုး ကျေးရွာ အာစိဏ္ဍသိရီပရဟိတကျောင်းမှာရှိတဲ့ မြေလေးဧကလောက် အကျယ်ရှိတဲ့နေရာ မှာ သစ်ပင်ပေါင်း ၅၀၀ ကျော် စိုက်ပျိုးလှူဒါန်း နေပါတယ်။
“စိုက်တာကတော့ အခုပဲစိုက်ပြီးတာပါ။ အပင်တွေအနေနဲ့ကတော့ အရိပ်ရပင်တွေရယ် သီးပင်စားပင်တွေရယ် ပါ။ အရိပ်ရပင်အနေနဲ့ တယ်ပင်၊ ကံ့ကော်ပင်၊ ပိတောက်ပင်၊ လုမ္မနီ အင်ကြင်းပင်၊ စိန်ပန်းပင်တွေ ပါပါတယ်၊ သီးပင်စားပင်အနေနဲ့က သရက်ပင်တွေ၊ ကျွဲကောပင်တွေ ပါပါတယ်။ ကလေးတွေ အတွက် နောင်တစ်ချိန်မှာ အရိပ်လည်းရ စားလည်းစားရအောင်ပါ။ ဒီနေ့ အပင် သွားစိုက်တာကတော့ အဖွဲ့သားတွေ ၁၀၀ ကျော်လောက်ပါပါတယ်”
“ကျွန်တော်တို့ Clean Yangon အဖွဲ့ အနေနဲ့က သန့်ရှင်းသာယာလှပဖို့နဲ့ စိမ်းလန်း ဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါ တယ်။ အရင်နှစ်နှစ်လောက်ကတော့ သန့်ရှင်း သာယာလှပရေးအတွက် အခြားအသင်းအဖွဲ့ တွေ ပါဝင်လာအောင် စည်းရုံးခဲ့တယ်။ လှုံ့ဆော် ခဲ့တယ်။ နှစ်နှစ်မြောက်မှာတော့ Go Clean ဆိုတဲ့ လှုပ်ရှားမှုတွေစလုပ်ခဲ့ပါတယ်။ အဓိက ကတော့ ကမ္ဘာမြေစိမ်းလန်းဖို့ပေါ့။ အရင်က အမှိုက်ရှိတဲ့နေရာတွေကို ရှင်းလင်းမှုတွေ ဆောင်ရွက်ပေးတာပေါ့။ နောက်ပိုင်းကျတော့ အရိပ်ရသစ်ပင်လိုတဲ့နေရာတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ ပရဟိတ ကျောင်းတွေ အဲ့ဒီလိုနေရာတွေအတွက်က နောင်တစ်ချိန်မှာ သီးပင်စားပင်တွေ လိုအပ် တယ်၊ အရိပ်အပင်တွေကလည်း ကမ္ဘာမြေ အတွက် လိုအပ်နေတယ်ပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ စပြီးဆောင်ရွက်ခြင်း ဖြစ်ပါတယ်”
ပုပ္ပားတောင်မှာ သစ်ပင်သွားစိုက်
“ကျွန်တော်တို့အဖွဲ့အနေနဲ့ မနှစ်ကဆိုရင် ပုပ္ပားတောင်မှာ သစ်ပင်သွားစိုက်တာတွေ လုပ်ခဲ့တယ်။ ဒီနှစ်မှာလည်း အခြေအနေ တည်ငြိမ်သွားရင် ပုပ္ပားတောင်မှာ သစ်ပင် သွားစိုက်ဖို့ အစီအစဉ်လေးတွေရှိပါတယ်။ နယ်တွေအတွက်ကတော့ လိုအပ်ရင် သစ်ပင် လှူဒါန်းမှုလေးတွေလည်း လုပ်ပေးပါတယ်။ အဓိက ကတော့ ကျွန်တော်တို့အဖွဲ့လေးရဲ့ ရည်ရွယ်ချက်ရပ်တည်ချက်အတိုင်းပဲ၊ သန့်ရှင်း သာယာလှပဖို့နဲ့ စိမ်းလန်းဖို့ လှုပ်ရှားမှုတွေကို ဖော်ဆောင်သွားဖို့ အစီအစဉ်တွေရှိပါတယ်”
တစ်ထောင့်တစ်နေရာက ပါဝင်
“ရန်ကုန်မြို့အနေနဲ့က မြေဧရိယာ ရှားပါးမှုက အတော်လေးရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ မြေဧရိယာရှားပါးတဲ့ စိန်ခေါ်မှုကို ဘိုးဘွားရိပ်သာတွေ၊ ပရဟိတကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ အဲ့ဒီလိုနေရာတွေမှာကျတော့ မြေဧရိယာလေးတွေ အထိုက်အလျောက် ရှိသေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့စိုက်ပျိုးတဲ့သစ်ပင်လေးတွေကို သူတို့က စဉ်ဆက်မပြတ် ပျိုးထောင်ပေးဖို့ အခွင့်အလမ်း လည်းရှိတယ်။ အဲဒါကြောင့် ဒီလိုနေရာလေး တွေကို ကျွန်တော်တို့ ရွေးချယ်ခဲ့တာ။ မနှစ်က ဆိုရင် ကျွန်တော်တို့ သစ်ပင် ၅၀၀ ကျော် စိုက်ခဲ့တာ ၄၅၀၊ ၉၀ ရာခိုင်နှုန်းလောက် ရှင်သန်တာလေးတွေ တွေ့ရတယ်။ အဲဒါ ကြောင့် ဒီလိုမျိုးနေရာလေးတွေမှာ သစ်ပင် စိုက်ပျိုးခြင်းအားဖြင့် ကမ္ဘာမြေစိမ်းလန်းဖို့ တစ်ထောင့်တစ်နေရာက ပါဝင်သလို မြန်မာ နိုင်ငံကြီးစိမ်းလန်းဖို့အတွက်လည်း တစ်တပ် တစ်အား ပါဝင်ရာရောက်တယ်။ နောက် တစ်ခုက အလှူဒါနဖြစ်ပြီး ထာဝရကုသိုလ် လည်းရတယ်။ ကလေးတွေအနေနဲ့ သီးပင် စားပင်တွေလည်း စားရမယ်၊ အရိပ်ရပင်တွေ ကြောင့် ဘိုးဘွားတွေ အေးအေးချမ်းချမ်း နေရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီလိုနေရာမျိုး တွေ ရွေးချယ်စိုက်ပျိုးရခြင်းဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာ့အလင်း ယနေ့ရန်ကုန်