ကလျာမိုးမြင့်
ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တကယ်လို့ အစိုးရတွေကသာ အခုထက်ပိုပြီး တိကျခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ကပ်ရောဂါကြီးဟာ ဆိုးသည်ထက်ပိုဆိုး လာတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဒေါက်တာ တက်ဒရော့စ်အက်ဒဟာနွန်ဂီဘရီယက်ဆုစ်က သတိပေးလျက်ရှိပါတယ်။
မှားယွင်းတဲ့လမ်းကြောင်းဆီဦးတည်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အထွေထွေဒါရိုက်တာ ဒေါက်တာ တက်ဒရော့စ်က နိုင်ငံအများစုဟာ မှားယွင်း တဲ့လမ်းကြောင်းဆီ ဦးတည်နေကြတာကိုတွေ့ရတယ် လို့လည်း ၎င်းက ပြောပါတယ်။ ယုံကြည်စိတ်ချရပြီလို့ သက်သေပြနိုင်တဲ့ အစီအမံဆောင်ရွက်ချက်တွေကိုသာ မပြနိုင်သေးတာ၊ ရောဂါဖြစ်ပွားတဲ့သူ အရေအတွက် ကတော့ တစ်စက်မှ လျော့ကျမသွားတဲ့အပြင် ပိုပြီးတော့ မြင့်တက်လာတယ်လို့ ၎င်းက ပြောပါတယ်။
အမေရိကဟာ လတ်တလောအချိန်မှာတော့ ရောဂါ ကူးစက်ပြန့်ပွားမှုတွေ အားလုံးရဲ့ ဗဟိုချက်မတစ်ခု ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ဆတိုးမြင့်တက်လာ နေတဲ့အပြင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြားမှာ တင်းမာ မှုတွေလည်းမြင့်တက်နေတာကို တွေ့ရပါတယ်။ ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးခံစားရတဲ့ အမေရိကန်မှာ ကိုဗစ် - ၁၉ ကူးစက်ခံရသူအရေအတွက် ၃ ဒသမ ၃ သန်းကျော်ဖြစ်ပြီး သေဆုံးသူအရေအတွက် ၁၃၅၀၀၀ ကျော် ရှိနေပါပြီ။
ပြည်သူလူထုယုံကြည်မှု ပျက်ပြယ်လာ
ဇူလိုင် ၁၃ ရက်က ဂျီနီဗာမှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါက်တာတက်ဒရော့စ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံ့ ခေါင်းဆောင်တွေဆီက အမျိုးမျိုးရောပြွမ်းနေတဲ့ သတင်း စကားမျိုးစုံဟာ ပြည်သူလူထုရဲ့ယုံကြည်အားထားမှုကို ပျက်ပြယ်လာစေတယ်လို့ ဆိုပါတယ်။
ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ဟာ ပြည်သူလူထုရဲ့ နံပါတ်တစ် ရန်သူတော်အဖြစ် ဆက်ရှိနေပေမယ့် အစိုးရ အများအပြား ရဲ့ပြုမူဆောင်ရွက်ပုံတွေက ဒီအချက်ကို သိပ်ပြီး ထင်ဟပ်ဖော်ပြရာ မရောက်ဘူး။ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာ နေထိုင်ဆက်ဆံခြင်း၊ လက်ဆေးခြင်း၊ အကာအကွယ် နှာခေါင်းစည်းတပ်ဆင်ခြင်းတွေကို သင့်လျော်တဲ့အခြေ အနေတွေမှာ ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ၎င်းကထောက်ပြခဲ့ပါတယ်။
ရောဂါကူးစက်မှုတွေ ပြင်းထန်လာစေ
အကယ်၍ အခြေခံကျတဲ့အချက်တွေကို လိုက်နာမှု မရှိဘူးဆိုရင် တစ်ခုတည်းသောဖြစ်လာနိုင်တဲ့အရာကတော့ ဆိုးသည်ထက်ဆိုးလာတဲ့ အခြေအနေကိုထိုင်ကြည့် နေဖို့ပဲရှိတော့တယ်လို့ ဒေါက်တာတက်ဒရော့စ်က ပြော ကြားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ် ဒါရိုက်တာ ဒေါက်တာမိုက်ရန်က အမေရိက တစ်လွှားမှာ အဝင် အထွက်ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးပြီး နေရာအချို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာက ရောဂါ ကူးစက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်လာဖို့ ဦးတည်လာ စေတယ်လို့ သတိပေးနေပါတယ်။
လက်တင်အမေရိကမှာ ကိုဗစ်-၁၉ နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှု ၁၄၅၀၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ် စစ်ဆေးမှုကို လုံလောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ အခြေအနေ တွေလည်း ရှိတာကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုအရေ အတွက်ဟာ ဒီထက်ပိုပြီး မြင့်မားနိုင်တယ်လို့ သိရပါ တယ်။သေဆုံးတဲ့အရေအတွက် ထက်ဝက်လောက်ဟာ ဘရာဇီးနိုင်ငံကပါ။ ဘရာဇီးသမ္မတဖြစ်တဲ့ ဂျာဘော်ဆွန် နာရိုဆိုတာကလည်း နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းချမှတ် ဆောင်ရွက်တာမျိုးတွေကို လက်မခံတဲ့သူတစ်ယောက် ဖြစ်နေပြန်ပါတယ်။
ပိတ်ဆို့မှုတွေ မဖြစ်မနေလိုအပ်
ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ဒေါက်တာမိုက်ရန်ကဘယ်လိုပြောသလဲဆိုတော့ ဒေသကြီးတွေမှာ အဝင် အထွက်ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်လိုက်တဲ့ အတွက် စီးပွားရေးအရ နောက်ဆက်တွဲ ထိခိုက်နစ်နာ မှုတွေရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တချို့နေရာ တွေမှာ ဗိုင်းရပ်စ်ကို ပျံ့နှံ့မှုလျော့ပါးစေဖို့ ဒေသဆိုင်ရာ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။
အစိုးရတွေအနေနဲ့ တိကျပြတ်သားပြီး ခိုင်မာမှုရှိတဲ့ နည်းဗျူဟာတွေ ချမှတ်အကောင်အထည်ဖော်ဆောင်ဖို့ တိုက်တွန်းလိုတယ်။ ဒါ့အပြင် မြို့နေဒေသခံပြည်သူ တွေကလည်း ဒါကိုနားလည်သဘောပေါက်ဖို့လိုသလို ၎င်းတို့အတွက်လည်း လိုက်နာဆောင်ရွက်ဖို့ လွယ်ကူတဲ့နည်းလမ်းတွေဖြစ်ရမယ်လို့ ဒေါက်တာမိုက်ရန်က အကြံပြုခဲ့ပါတယ်။
သတင်းစကား အမျိုးမျိုး
ကိုဗစ်-၁၉ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကောလာဟလ သတင်းစကားတွေက အမျိုးမျိုးပေါ်ထွက်နေပါတယ်။ ဗိုင်းရပ်စ်ကို အမြစ်ပြတ်အောင်သုတ်သင်လို့ရတယ်ဆိုတာတွေ၊ လအနည်းငယ်အတွင်းမှာ ထိရောက်တဲ့ ကာကွယ်ဆေးရဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြိုတင် ဟောကိန်းထုတ်နေကြတာတွေဟာ သဘာဝမကျတဲ့ ရမ်းသန်းပြောဆိုမှုတွေဖြစ်တယ်။ တကယ်တမ်းက ကျွန်ုပ်တို့အားလုံး ကိုဗစ် - ၁၉ ဗိုင်းရပ်စ်နဲ့ နေသား ကျအောင် ဆက်လက်နေထိုင်သွားနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ၎င်းကရှင်းပြခဲ့ပါတယ်။
ဗိုင်းရပ်စ်ကိုဘယ်လောက်ကြာကြာခုခံနိုင်
ပြီးတော့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့လူနာတွေ ဒီရောဂါကို ခုခံနိုင်စွမ်း ရှိမလား၊ ဒါမှမဟုတ် အဲဒီခံနိုင်ရည်ရှိမှုက ဘယ်လောက် ကြာကြာခံမလဲဆိုတာကိုလည်း အခုအချိန်အထိ တပ်အပ် သိရသေးတာမဟုတ်ဘူးလို့ ဒေါက်တာမိုက်ရန်က ပြောပါတယ်။ ဆေးပညာရှင်တစ်စုကတော့ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိမှုဟာ အချိန်တိုတောင်းတယ်လို့ ဆိုထား တဲ့ လေ့လာမှုရလဒ်တစ်ခုကို ဇူလိုင် ၁၃ ရက်က ထုတ်ပြန် ခဲ့ပါတယ်။
King’s College London က ဆေးပညာရှင်တစ်စုက လူတွေမှာ ပဋိဇီဝပစ္စည်းတွေ ပြုလုပ်ခြင်းအားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို သဘာဝနည်းအရ ဘယ်လိုတိုက်ခိုက် တယ်ဆိုတာနဲ့ ရောဂါကူးစက်ခံရသူတွေ နေပြန်ကောင်း လာပြီးတဲ့နောက် အဲဒီခုခံအားစနစ်က ရက်သတ္တ အနည်းငယ်အတွင်း သို့မဟုတ် လအနည်းငယ်အတွင်း ဘယ်လောက်ကြာကြာခံတယ်ဆိုတာကို သိရှိဖို့ လူ ၉၆ဦး ကို လေ့လာခဲ့ကြပါတယ်။
စမ်းသပ်မှုအတွင်း ပါဝင်ခဲ့တဲ့သူတွေထဲက အားလုံး နီးပါးမှာ ခုခံနိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းဟာ ကိုဗစ် - ၁၉ ကို စွမ်းအားကျဆင်းပြီး ရပ်တန့်စေတာမှန်ပေမယ့်လည်း အဲဒီခုခံနိုင်စွမ်းဟာ သုံးလကျော်လောက်အကြာမှာ ပြန်ပြီး အားနည်းဆုတ်ယုတ်သွားတယ်လို့ သိရပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေမှာဆိုရင် ကိုဗစ်- ၁၉ ကြောင့် ထိခိုက်မှုကိုမဆိုစလောက်လေးသာ ခံစား ရပြီး ၁ဝ နှစ်အထက် ကလေးတွေမှာ အရွယ်ရောက်ပြီး လူငယ်တွေနဲ့ ရောဂါလက္ခဏာခံစားရပုံခြင်း ဆင်တူ သလိုရှိတယ်လို့ ဖော်ပြထားပါတယ်။ ။
ကိုးကား- ဆင်ဟွာ၊ ဘီဘီစီ


