ဝေါ ၉ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ အေးချမ်းသာယာရပ်ကွက် အောင်မင်္ဂလာ (၂)လမ်းနေ ဒေါ်ခင်အုန်း၏ နေအိမ်မှ ယနေ့ညနေ ၄ နာရီ မိနစ် ၅၀ တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပျဉ်ထောင် သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာ နေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားမှုကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမောင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဝေါမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)


