ဝေါ ၁၉  မတ် 


နွေရာသီတွင် ဝေါမြို့နယ်ရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ကျေးလက်ရေ ရရှိရေးလုပ်ငန်းဖြစ်သည့် မြေသားရေလှောင်ကန် တူးဖော်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ကျေးရွာ (၁၇)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီရေရှားပါးမှုမှ ကာကွယ်နိုင်ရေး အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်  ရေရရှိရေး လုပ်ငန်းများဖြစ်သည့် မြေသားရေလှောင်ကန် တူးဖော်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ရေလှောင်ကန်များ ကာရန်ခြင်းများကို ကျေးရွာ (၁၇)ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။ 


အဆိုပါလုပ်ငန်းများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ၍ ကပင်၊ အုတ်ဖို(၃)၊ အဗျားအလည်စု၊ အဘားကရင်စု ကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းနှင့် ကျိုက်လှ၊ တနော်ကျွန်း၊ ဂျိုးလေး၊ ဖိုးစန္ဒာစု၊ မှုံကတုံး၊ အလုပ်၊ ပါတူးကုန်း၊ အုတ်ဖို(၁) ကျေးရွာများတွင် မြေသားရေလှောင်ကန် ပြုပြင် မွမ်းမံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ 


၎င်းနောက် မြေသားရေလှောင်ကန်များ ကျွဲနွားတိရစ္ဆာန်များ မဝင်ရောက်နိုင်စေရန် ခြံစည်းရိုးကာရန်ခြင်းကို  တကောင်းကွင်း၊ အဘား၊ ဆားဘိုကုန်း၊ ဘုရားပျို ကျေးရွာများတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်  အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် ရေပိုက်လိုင်း သွယ်တန်းခြင်းကို ထိန်တပင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ မိုးမကျမီလုပ်ငန်းများ ပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)