ဝါဂွမ်းထွက်ပစ္စည်းများ

 

ဒေါက်တာချစ်

ဝါစိုက်ပျိုးရေးကို စိုက်ပျိုးရေးဦးစီးဌာန (နိုင်ငံပိုင်)က တောင်သူများအား အကြံပေးခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းစသည့် လုပ်ငန်းများကိုသာ လက်ရှိဖွဲ့စည်းပုံအရ တာဝန်ယူနိုင်သည်ဟု ယူဆမိပါသည်။

ဝါပင်များဖြစ်ထွန်းအောင်မြင်၍  ဝါကောက် (ဆွတ်ခူး)ပြီး ထွက်ပေါ်လာသော ဝါများကိုဝယ်ယူရေး၊ သယ်ယူရေး၊ သိုလှောင်ရေး၊ (ထုထည်ကြီးမားသဖြင့်) ကြိတ်ခွဲရေး၊ ဂွမ်းထုတ်လုပ်ရေး၊ ဝါစေ့များကို မျိုးအဖြစ် သိုလှောင်ပြီးဖြန့်ဖြူးရေး စသည့် ကြီးမားကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းကြီးတစ်ရပ်ဖြစ်၍ သီးသန့်အဖွဲ့အစည်းတစ်ခုကမှ တာဝန်ယူနိုင်မည်ဟု ယူဆမိပါသည်။

အကယ်၍  စီးပွားရေးအဖွဲ့အစည်းတစ်ခုက တာဝန်ယူမည်ဆိုသည့်တိုင်အောင် မျိုးကောင်း မျိုးသန့်ကို အစဉ်အဆက်မပြတ် ရရှိရေးအတွက် လုပ်ဆောင်ရမည့်တာဝန်မှာ စိုက်ပျိုးရေးဦးစီးဌာနက ပညာရှင်များ၏ တာဝန်ဖြစ်နေပြန်ပါသည်။

ဒီတော့ စီးပွားရေးအဖွဲ့အစည်းမှာ ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့ကို စဉ်ဆက်မပြတ် ရရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်အဖွဲ့တစ်ခုပါ ထည့်သွင်းရပါမည်။ ဒါမှမဟုတ် စိုက်ပျိုးရေးဦးစီးဌာနတွင် ဌာနခွဲကြီးတစ်ခုတိုးချဲ့ဖွဲ့စည်းမှသာ လုပ်ငန်းအောင်မြင်မည် ဖြစ်ပါသည်။

ဝါအထွက်နှုန်းကောင်းသောမျိုး၊ မိုးများ (သို့မဟုတ်) မိုးခေါင်ဒဏ်ခံနိုင်သောမျိုး၊  ပိုးမွှားရောဂါဒဏ် ခံနိုင်သောမျိုး၊  ပေါင်းမြက်ဒဏ်ခံနိုင်သောမျိုး စသည်တို့ကို လိုချင်ကြသည်။

ထို့အပြင်  ဂွမ်းထွက်နှုန်းကောင်းသောမျိုး၊ ဂွမ်းမွေးရှည်သောမျိုး၊  ဂွမ်းမွေးခိုင်ခံ့သောမျိုး၊ အတို အရှည်ညီညွတ်သောမျိုးစသော အရည်အသွေး ကောင်းသောမျိုးကိုလည်း လိုချင်ကြသည်။

ထို့ကြောင့် ဝါတစ်မျိုးနှင့်တစ်မျိုး ပေါင်းစပ်ကူးယူ၍ မျိုးသစ်ထုတ်လုပ်ကြသည်။ ထိုစပ်မျိုးများသည် သုံးနှစ်ခန့်ကြာလျှင် မျိုးညံ့သွားတတ်ကြသည်။ ထိုကောင်းသောမျိုးကို ထိန်းသိမ်းထားပေးရန်လိုသည်။ ထို့အပြင် မျိုးကောင်းရရှိရေးအတွက် လက်ရှိစိုက်ပျိုးနေသောမျိုးများထဲမှလည်း တစ်ပင်ချင်း စောင့်ကြည့်ရွေးချယ်ရန် လိုအပ်သည်။

ဝါဝယ်ဒိုင်

အစိုဓာတ်။ ဝါမွေးသည် အစိုဓာတ်ကိုစုပ်ယူ နိုင်စွမ်းနှင့် အငွေ့ပြန်နိုင်စွမ်းရှိသည်။ ဂွမ်းမွေးသည် အစိုဓာတ်ကို စုပ်ယူသောအခါ ဖောင်းပွလာသည်။ ရေတွင်နှစ်ထားသော ဂွမ်းမွေးသည် ၄၀ ရာခိုင်နှုန်းခန့်အထိ ဖောင်းပွလာသည်။ လေထု၏ စိုထိုင်းဆ ၆၅ ရာခိုင်နှုန်းရှိလျှင် ဂွမ်းမွေး၏ ဖောင်းပွမှုမှာ ၁၂ ရာခိုင်နှုန်းနှင့် အစိုဓာတ် ၇-၈ ရာခိုင်နှုန်းခန့်အထိ ရှိလာသည်။ လေထုတွင် စိုထိုင်းဆများလာလျှင် အလေးချိန်လည်း တိုးလာသည်။ လေထုစိုထိုင်းဆ ၁၀၀ ရာခိုင်နှုန်းရှိလျှင် အလေးချိန် ၂၀ ရာခိုင်နှုန်းခန့် တိုးလာသည်။ ထိုအခါ မှိုရောဂါစွဲကပ်ပြီး အရောင်ပျက်ခြင်း၊ ချောမွေ့မှုနှင့် ခိုင်ခံ့မှုပျက်ခြင်း ဖြစ်နိုင်သည်။ ဂွမ်းမွေးသည် အစိုဓာတ်ကိုစုပ်ယူပြီးလျှင် ခိုင်ခံ့မှုသည် ၃၅ ရာခိုင်နှုန်းခန့် တိုးလာသည်။ ထို့ကြောင့် ကြိတ်ခွဲခြင်းမပြုမီ ဝါကိုသော်လည်းကောင်း၊  ကြိတ်ခွဲပြီး  ဂွမ်းမွေးကိုသော်လည်းကောင်း၊ အစိုဓာတ်မဝင်စေရန်  စနစ်တကျသိုလှောင်ရသည်။ အစိုဓာတ် ၁၄ ရာခိုင်နှုန်းထက်ပိုနေသောဝါများကို သိုလှောင်ထားပါက အပူချိန်လွန်ကဲလာပြီး အရောင်ပျက်ခြင်း၊ အရည်အသွေးညံ့ခြင်းဖြစ်နိုင်သည်။ ဝါချည်ထည်များသည် ခန္ဓာကိုယ်မှချွေးကိုစုပ်ယူပြီး အငွေ့ပျံစေသဖြင့် ကိုယ်ခန္ဓာကို အေးစေနိုင်သည်။ ထို့ကြောင့်အပူပိုင်းဒေသရှိလူများသည် ဝါချည်ထည်ကို  အများဆုံးဝတ်ဆင်ကြသည်။

mdn

ဝါ၏အစိုဓာတ်ကို မွိုက်ချာမီတာ (Moisture Meter)ဖြင့် တိုင်းယူနိုင်သည်။ ဂွမ်းမွေးနှင့် ဝါစေ့ ရောနှောနေသော ဝါကိုလက်ဖြင့် ဆုပ်ကြည့်လျှင် ကျွမ်းကျင်သူများက အစိုဓာတ်ကို ခန့်မှန်းနိုင်သည်။ ဝါစေ့တွင်ပါရှိသော အစိုဓာတ်ကိုသိရှိရန် ဝါစေ့ကိုကိုက်ကြည့်၍ ထောက်ခနဲမြည်သံကြားရလျှင် အစိုဓာတ်နည်းသည်။ ဝါတွင် အစိုဓာတ် ၈ ရာခိုင်နှုန်း- ၁၁ ရာခိုင်နှုန်းအတွင်းသာ ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ မိုးဖြင့်စိုက်သော ဝါကြီး၊ ဝါလေး၊ မလှိုင်မျိုးများသည် မိုးအကုန် ဆောင်းအကူးအချိန်တွင် ဝါကောက်ယူရပြီး ဆောင်းတွင်ဝါဒိုင်သို့  ပို့ကြရသည်။ တချို့က တစ်ညလုံးနှင်းခံပြီးမှ လာကြသည်။ အချို့ကမူ မီးမွှေးပြီး ရေဖျန်း၍ ဝါးကပ်ပေါ် ဝါဂွမ်းကိုတင်ကာ ရေထိုးတတ်ကြသည်။  ဤသို့ဖြင့် ဂွမ်းရောဝါစေ့ပါ အရည်အသွေးပျက်စေနိုင်သည်။

ဝါဂွမ်းကို သိုလှောင်ရာတွင် လေထုစိုထိုင်းဆသည် ၇၅ ရာခိုင်နှုန်းထက်မပိုသင့်ချေ။ ဝါကိုသိုလှောင်ရာတွင် ကြမ်းခင်းသည် လေဝင်လေထွက်ကောင်းရမည်။ ဘေးမှအကာကို မိုးပက်မည့်ဘက်တွင်သာ ရှိသင့်သည်။ စုပုံပြီးတစ်ပြင်တည်းမထားဘဲ လေဝင် လေထွက်ကောင်းအောင် လိုင်းဖောက်ပေးရမည်။ ဖြစ်နိုင်ပါက ဝါကို အထက်အောက်လှန်ပေးရမည်။ လေထုစိုထိုင်းဆ ၃၀ ရာခိုင်နှုန်းအောက်တွင် ဝါကို လေးနှစ်အထိ မပျက်စီးဘဲ သိုလှောင်ထားနိုင်သည်။

ဝါဂွမ်းအရောင်။ ဝါအရောင်ကို ပျက်စီးသော အကြောင်းများမှာ အစိုဓာတ်ပါဝင်မှုများခြင်း၊ ကျွယ်ဝါ ပါဝင်မှုများခြင်း၊ ဝါကြိတ်ခွဲမှု အဆင့်ဆင့်တွင် ညစ်ပေခြင်းတို့ကြောင့်ဖြစ်သည်။ ထို့အပြင် ပိုးမွှားနှင့်ရောဂါ ကျရောက်ခြင်းဖြင့်လည်း ဝါဂွမ်းအရောင်ကိုပျက်စေသည်။ အရောင်ပျက်နေသော ဂွမ်းမွေးသည် ခိုင်ခံ့မှုပါ လျော့နည်းနိုင်သည်။

ဘာသာဒင့်စ်ဝါမျိုးမှအပ ဂွမ်းမွေးအဖြူရောင်ကိုသာ လူကြိုက်များသည်။ ထို့ကြောင့် ဝါကိုမကြိတ်မီ ကျွယ်ဝါများမပါအောင်၊ အစွန်းအထင်းဝါများ မပါအောင်ရွေးချယ်ရသည်။ စက်သုံးဆီ၊ မီးထိုးဆီများနှင့် မထိမိအောင် ဂရုစိုက်ရသည်။

အမှိုက်ပါဝင်မှု။ အမှိုက်ဆိုရာတွင် ဝါဂွမ်းမဟုတ် သောအရာအားလုံး ရောနှောခြင်းကို ဆိုလိုသည်။ ဝါကောက်သိမ်းရာတွင် မသန့်ရှင်းခြင်း၊ ကြိတ်စက် မကောင်းသဖြင့် အစေ့ကွဲပါခြင်း၊ ပိုးမွှားဖျက်ဆီးမှု ကြောင့် အစေ့များနာနေပြီး ကြိတ်ခွဲရာတွင် ဂွမ်းနှင့် ရောပါခြင်း စသည့်တို့ကြောင့် ဖြစ်တတ်သည်။

အထည်စက်ရုံတွင် ချည်မငင်မီကပင်  အမှိုက်သရိုက်ကို သန့်စင်ရသည်။  အမှိုက်ပါနေလျှင် ဝါဈေးနှုန်း၊ ဂွမ်းဈေးနှုန်း လျော့နည်းနိုင်သည်။ အမှိုက်ပါဝင်မှုကို ရှာလီအနာလိုက်ဇာ (Shirley Analyzer) ဖြင့် တိုင်းတာနိုင်သည်။

ဝါဝယ်ဒိုင်များ၏ ဝါဂွမ်းအရည်အသွေး သတ်မှတ်ချက်။ မြန်မာဝါနှင့် ပိုးချည်လုပ်ငန်းမှ ဝါဝယ်ယူရာ တွင် အရည်အသွေးသတ်မှတ်ချက်မှာ အောက်ပါ အတိုင်းဖြစ်သည်-

ဂွမ်းထွက်ရာခိုင်နှုန်း။ ဝါပိဿာ ၁၀၀ မှ ကြိတ်၍ရသော ဂွမ်းအလေးချိန်ဖြစ်သည်။ Ginning Per-centage ဟုခေါ်သည်။ ဟာဆူတံဝါမျိုးစိတ်၌ ၂၅-၄၂ ရာခိုင်နှုန်းရှိပြီး အာဘိုးရီးယံဝါမျိုးစိတ်၌ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။ မြန်မာနိုင်ငံရှိ ဝါကြီးမျိုး၌ ၃၅-၃၈ ရာခိုင်နှုန်း၊ ဝါကလေးမျိုး၌ ၃၀-၃၃ ရာခိုင် နှုန်း၊ မလှိုင်ဝါမျိုး၌ ၄၁ -၄၀ ရာခိုင်နှုန်းနှင့် လွန်ကျော် (၃) ဝါမျိုး၌ ၃၃-၃၆ ရာခိုင်နှုန်းအသီးသီး ရှိကြသည်။ မြန်မာနိုင်ငံတွင် အောက်တန်း (Out-turn) ဟုခေါ်သော ဝါဂွမ်းအရည်အသွေး သတ်မှတ်ချက်ကိုလည်း သုံးစွဲကြသည်။ ၎င်းမှာ ပိဿာ ၁၀၀ ရှိသော ဂွမ်းတစ်ထုပ် (Bale) ရရှိရန် ကြိတ်ရသော ဝါပိဿာချိန်ဖြစ်သည်။ ဟာဆူတံဝါမျိုး၌ ဝါပိဿာ ၄၀၀ မှ ၂၃၈ ရှိပြီး အာဘိုးရီးယံ ဝါမျိုး၌ ၂၅၀ ခန့် ရှိသည်။ ဝါဝယ်ယူကြိတ်ထုတ်သူများအတွက် ဂျင်းနင်းပါဆင်းတိတ်ချ်များလေ  ကောင်းလေဖြစ်သည်။ အောက်တန်းမှာ ဂဏန်းငယ်လေ ကောင်းလေဖြစ်သည်။ ဝယ်ယူကြိတ်ထုတ်သည့် ဝါဂွမ်း၏ အစိုဓာတ်သည် ၈-၁၁ ရာခိုင်နှုန်းထက် မပိုရချေ။

ဂွမ်း၏ အခြေခံအရည်အသွေးများ

(Textile Engineering)

ဂွမ်း၏အခြေခံအရည်အသွေးများကို အောက်တွင် ဖော်ပြသည့်အတိုင်း သတ်မှတ်ကြသည်- ဂွမ်းမွေးအရှည်။ ဂွမ်းမွေးအတိုအရှည်သည် ချည်ငင်ရာတွင် ချည်ချောရရှိမှုအတွက် အဓိကဖြစ်သည်။ ဂွမ်းမွေးရှည်လေ ချည်ချောလေဖြစ်ပြီး အထည်ပါးပါးရက်လုပ်နိုင်သည်။ ထိုကြောင့် ဝါဂွမ်းဈေးနှုန်း သတ်မှတ်ရာတွင် ဂွမ်းမွေးရှည်လေ ဈေးကောင်းရလေဖြစ်သည်။

စိုက်ပျိုးရေးသုတေသီတို့သည် ဝါမကြိတ်ဘဲ ဝါစေ့ပေါ်ရှိ ဂွမ်းမွေးအရှည်ကို တိုင်းတာကြသည်။ ဂွမ်းမွေးအရှည်ကို နည်းမျိုးစုံဖြင့် တိုင်းတာကြသည်။ နမူနာဝါမှ ၁၀-၂၀ အစေ့ကို ကျပန်း (Random) ယူပြီး တိုင်းတာရသည်။  အစေ့၏ လုံးဝိုင်းသောအပိုင်း (Chalazalend)မှ အမွေးများကိုဘီးနှင့်ဖီးပြီး တိုင်းတာရသည်။ ပေတံဖြင့် တိုင်းတာနိုင်သည်။ သို့မဟုတ် လက်မထိပ်မှ လက်ဆစ်ပေါ်ရှိ အရစ်ကလေးများဖြင့်လည်း တိုင်းတာနိုင်သည်။ ထိုသို့တိုင်းတာသော အမွေးများသည် အရှည်ဆုံးဂွမ်းမွေးများ ဖြစ်ကြသည်။

အဝယ်ဒိုင်များ၌မူ ဂွမ်း(ကြိတ်ပြီးဝါ) နမူနာကိုယူပြီး လက်နှစ်ဖက်ဖြင့် ဆွဲ၍ခွဲရသည်။ ထိုသို့ဆွဲ၍ ခွဲလိုက်သဖြင့် ပေါ်လာသောအတွင်းမှ ဂွမ်းစကလေး ကိုယူပြီး လက်နှစ်ဖက်ဖြင့် လက်ညှိုးလက်မ နှစ်ခုကြားညှပ်၍ ဆွဲရသည်။ ထိုအခါ အစွန်းထွက်နေသော အမွေးများပါလာသဖြင့် တစ်ဖက်ထိပ်၌ ညီအောင်ပြန်၍ထပ်ရသည်။ ဤသို့ဆွဲလိုက် ပြန်ထပ်လိုက် ၄-၅ ကြိမ် ပြုလုပ်သောအခါ ဂွမ်းမွေးများသည် ဖြောင့်တန်းပြီး ညီညာလာသည်။ ထိုအခါ တိုင်းတာလျှင် ဂွမ်းမွေးအရှည်ကို သိနိုင်သည်။

ဂွမ်းမွေးအရှည်ကို တိကျစွာသိရှိနိုင်ရန် ကိရိယာအမျိုးမျိုးကို နိုင်ငံအလိုက် သုံးစွဲမှုမတူကြချေ။ ထင်ရှားသော ဂွမ်းမွေးအရှည်တိုင်း ကိရိယာများမှာ ဆလက်ဂျိဆော့ထား (Sledge Sorter) ၊ ကုမ်းဆော့တား (Comb Sorter) ၊ အူစတာစတက်ပလာ (Uster Stapler) ၊ A.N. Apparatus၊ ဖိုက်ဘရိုဂရပ်ဖ် (Digital Fibrograph) တို့ဖြစ်သည်။ ကိရိယာမတူကြသဖြင့် ဖော်ပြသော ကိန်းဂဏန်းချင်းလည်း မတူကြချေ။ သို့ရာတွင် ဂွမ်းမွေးအတိုအရှည် သတ်မှတ်ချက် အစီအစဉ်မှာမူ တူညီကြသည်။ ထိုကိရိယာများတွင် ဖိုက်ဘရိုဂရပ်ဖ်သည်  ဂွမ်းနမူနာယူရာတွင် ဘက်လိုက်မှုမရှိခြင်း၊ လူ၏အမှားမပါရှိနိုင်ခြင်း၊ အလွန်လျင်မြန်ခြင်းတို့ကြောင့် အကောင်းဆုံးဖြစ်နေသည်။

(ဆက်လက်ဖော်ပြပါမည်)