ဝန၏ ဒုတိယမြောက်တစ်ကိုယ်တော်ခွေ 'တရားသဖြင့်' ထွက်ရှိမည်

''အနီးဆုံးလူ''တေးစီးရီး ထွက်ပြီးကတည်းက နောက်ထပ် ဂီတတွေဖန်တီးမှု နည်းနေခဲ့သည့် လူငယ်အဆိုတော် ဝနက ''တရားသဖြင့်'' ဟု အမည် ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိရန် ပြင်ဆင်နေပြီး လတ်တလော ဂီတလှုပ်ရှားမှု အနေဖြင့် 'သီချင်းသုံးပုဒ်'ဟု အမည်ပေးထားသော မီနီအယ်လ်ဘမ်ကို ထွက်ရှိထားကြောင်း သိရသည်။

 

''ကျွန်တော် တရားသဖြင့်လို့ အမည်လေးပေးထားတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလေးထွက်ဖို့ ပြင်ဆင်နေပါတယ်၊ ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေပါတယ်၊ ပြီးတော့ ကိုယ်တိုင်ရေးတဲ့သီချင်းတွေက ကိုယ့်စိတ်ကြိုက် ပိုပြီး လွတ်လွတ်လပ်လပ်ရှိသလို ခံစားရတယ်၊ သူများသီချင်းကျတော့ ကိုယ့်ကြောင့် ပျက်စီးသွားမလားဆိုတဲ့ စိုးရိမ်စိတ်ရှိလို့ပါ၊ ကျွန်တော်က သီချင်းတွေဖန်တီးတဲ့အခါ လုံးဝတိတ်ဆိတ်တာကို သဘောကျလို့ အနားမှာဘယ်သူမှာမရှိတဲ့အချိန် ပိုရေးဖြစ်တယ်၊ ဒါမှလည်း ခံစားချက်က ပိုကောင်းတယ်ထင်လို့ပါ၊ အခုနောက်ဆုံးထွက်မယ့် သီချင်းခွေကိုလည်း အကောင်းဆုံး စိတ်ကြိုက် ကျွန်တော်ဖန်တီးထားပါတယ်၊ ကျွန်တော် ပြန်ဆိုတေးတွေတော့ မဆိုတော့ဘူးဗျာ၊ အိမ်မှာ ဂစ်တာလေးနဲ့ပဲ ပြန်ဆိုမယ်၊ သီချင်းခွေ ထွက်တာမျိုးတော့ လုံးဝမလုပ်တော့ဘူး၊ ပထမ အမြင့်ဆုံးမှာထားချင်တယ် သီချင်းတောင် ကျွန်တော့်ကို CITY FM ကတောင်းဆိုလို့ အဲဒီပွဲမှာ ဆိုဖြစ်ခဲ့တာပါ၊ နောက်ထပ်တော့ ပြန်ဆိုတေးသီချင်းတွေ ဆိုဖို့ရှိမယ် မထင်ပါဘူး''ဟု ပြောသည်။

 

ယနေ့ခေတ် ဂီတလောကတွင် ဂီတသမား တစ်ယောက်ဖြစ်ရန် အခွင့်အရေး ပိုမိုရရှိကြောင်းလည်း ဝနက ပြောသည်။ ''ကျွန်တော်တို့ ဒီဘက်ခေတ်မှာ အများကြီးပြောင်းလဲလာပြီ၊ စိန်ခေါ်မှုလည်း တအားကြီးတယ်။ တော်တန်ရုံ ဝမ်းစာလောက်နဲ့တော့ ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဝမ်းစာပြည့်အောင် ကြိုးစားဖို့လိုမယ်။ ပြီးရင် ကိုယ်ဝါသနာပါတဲ့ ဂီတလမ်းကြောင်းပေါ်မှာ ကြိုးစားသင်ယူပါ။ စနစ်တကျလေ့လာပါ။ ကိုယ့်ဘက်က သေချာဖန်တီးပြီးမှ ကိုယ့်ဖန်တီးမှုတွေကို ပရိသတ်လက်ထဲထည့်ဖို့ အကြံဉာဏ်ပေးချင်တယ်။

 

ကျွန်တော်တို့ အနုပညာကို လုပ်ကြတဲ့အခါမှာ အချိန်တွေအများကြီး ပေးဆပ်လာခဲ့ရတာ။ အခုထလုပ်ပြီး အခုအောင်မြင်လာခဲ့ရတာ မဟုတ်ဘူး၊ အဓိကက စိတ်ဓာတ်ရှိမှ လုပ်လို့ရတာ။ အဲဒါတွေကို အခု ဂီတကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူငယ်တွေ မျိုးဆက်သစ်တွေကို ပြောပြချင်တယ်၊ သူများ လုပ်ပေးပေး မလုပ်ပေးပေး အဓိကက ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံးလုပ်နေဖို့ပဲလိုတယ်၊ အချိန်တန်လို့ ထင်ပေါ်ရင်တော့ စင်တော်ကကောက်သွားမှာပါ၊ ကျွန်တော် အဲဒါလေးပဲ မှာချင်တယ်၊ တချို့က ပေါ်ပင် နာမည်ကြီးချင်လို့လုပ်တာရှိသလို တကယ့်ဂီတကို ကြိုက်ပြီး တော့မှ ဂီတသမားဘဝကို ခံယူနေကြတာလည်း ရှိပါတယ်၊ ဒါကတော့ အချိန်တန်ရင် ပရိသတ်ကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ ဂီတသမားစစ်စစ်ဖြစ်ဖို့ဆိုတာ လွယ်မှမလွယ်တာ၊ ပရိသတ်ကထမင်းကျွေးမှ ဂီတသမား ဖြစ်တာ၊ ဒါလေးပဲ ပြောချင်ပါတယ်''ဟု ဆက်ပြောသည်။

 

ကိုလင်း