ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ရပ်တည်နေဆဲ MISSION: IMPOSSIBLE - FALLOUT

သြဂုတ် ၈

ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတစ်ဦး ဖြစ်သူ တွမ်ခရူးစ် ခေါင်းဆောင်ပါဝင်ထားတဲ့ တိုက်ခိုက်ရေး ရုပ်ရှင်အမျိုးအစား “Mission: Impossible” ရုပ်ရှင်တွေရဲ့ နောက်ဆုံးသော ရုပ်ရှင် “Mission: Impossible – Fallout” ဟာ မြောက်အမေရိကားမှာ ရုံတင်ခဲ့ရာမှာတော့ အဖွင့်သီတင်းပတ်အတွင်း ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း ဒုတိယမြောက် ရုံတင်သီတင်းပတ်အဖြစ် ပြသခဲ့ရာ ဝင်ငွေအကောင်းဆုံးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တိုက်ခိုက်ရေး စွန့်စားခန်းတွေကြောင့် လူကြိုက်များအောင်မြင်ခဲ့တဲ့ ဟောလိဝုဒ် ဇာတ်လမ်းတွဲ “Mission: Impossible” ရဲ့ ခြောက်ကားမြောက်ရုပ်ရှင် “Mission: Impossible – Fallout” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ မြောက်အမေရိကားမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅ သန်းရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဝင်ငွေဟာ တစ်ပတ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေရဲ ဝင်ငွေတွေထက် အသာကြီးသာခဲ့ကာ ဝင်ငွေ အကောင်းဆုံးသော ရုပ်ရှင်အဖြစ် နံပါတ်တစ်နေရာ ရနေတာဖြစ်ပါတယ်။

 ဒါကြောင့် စတင်ရုံတင်ခဲ့သည်မှ လက်ရှိအချိန်အထိ ယင်းရုပ်ရှင်ရဲ့ ဝင်ငွေဟာ မြောက်အမေရိကားမှာ ၁၂၄ သန်းနဲ့ နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာ ယခင်ထုတ်လွှင့်ခဲ့ပြီးသမျှသော ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ရုပ်ရှင်တွေရဲ့အဖွင့် သီတင်းပတ်ဝင်ငွေထက် ကျော်လွန်ရရှိခဲ့ကာ အဖွင့်သီတင်းပတ်မှာ ဝင်ငွေအကောင်းဆုံးသော “Mission: Impossible” ရုပ်ရှင်အဖြစ် လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဖွင့်သီတင်း ပတ်မှာ ရရှိခဲ့တဲ့ ဝင်ငွေကတော့ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၅ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ဟောလိဝုဒ်မီဒီယာတွေက ဒီရုပ်ရှင် ရဲ့ ခေါင်းဆောင်မင်းသား တွမ်ခရူးစ်ကို အသက်ကြီးမှ ပိုမိုအောင်မြင်တဲ့သူဖြစ်ကြောင်း မှတ်ချက်ပြု ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ ရုပ်ရှင်ကတော့ လိုက်ဖ်အက်ရှင် ရုပ်ရှင်အမျိုးအစား ဖြစ်ပြီး ဝင်းနီးသယ်ပုရှ် ပါဝင်တဲ့ “Christopher Robinson” ဖြစ်ပြီး ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၅ သန်း ဖြစ်ပါတယ်။ တတိယနေရာမှာ ရပ်တည်နေတဲ့ရုပ်ရှင် “The Spy Who Dumped Me”  ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်းသာ ဝင်ငွေရရှိခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်