ရန်ကုန် စက်တင်ဘာ ၂၂

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးဖြစ်လာမည့် အရာရှိကြီးများအား နိုင်ငံတော်၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ကောင်းစွာ သဘောပေါက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများ သိရှိနားလည်စေရန်၊ ဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုကျေညက်စေရန်၊ ဆန်းသစ် သော အတွေးအခေါ် အယူအဆများနှင့် ဦးဆောင်နိုင်မှု စွမ်းရည်မြင့်မားစေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှုပြီး အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နိုင်စေရန် သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် တာဝန်ရှိသူများဖြစ်၍ အရည်အချင်းများ ပြည့်မီရန်၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ပြီး နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံအပေါ် သစ္စာရှိကြရန် တိုက်တွန်းမှာကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)သို့ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ခြောက်ဦး စုစုပေါင်း ၂၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်