ရန်ကုန် ၇ မတ်
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း ခြံအမှတ် ၆ A တိုက်အတွင်း မီးလောင်မှုဖြစ်ပွားနေကြာင်း ယနေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့်က ရပ်ကွက်နေပြည်သူတစ်ဦး၏ ဖုန်းဖြင့်သတင်းပေးမှုအရ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝင်း ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ငြှိမ်းသတ်ပေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ရခြင်းမှာ တိုက်အဟောင်းအမိုးအား ပြန်ပြင်ရာတွင် ဟော်လိုသံပိုက်များကို ဂဟေဆော်သည့် ဝရိန်ဆော်စက်အား ထပ်ခိုးသစ်သားကြမ်းပြင်တွင် လျှပ်စစ်ခလုတ်မပိတ်ဘဲ အလုပ်သမားများက ထမင်းစားထွက်သွားရာမှ စက်မှာ အပူလွန်ကဲပြီး သစ်သားကြမ်းပြင် စတင်မီးလောင်ခဲ့ရာမှ အောက်ထပ်တွင်ရှိသော အရောင်းအဝယ်ပြုလုပ်သည့် အဝတ်အထည်ထုပ်များပေါ်သို့ကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိတစ်ဦး၏ ပြောပြမှုအရ သိရသည်။
မီးလောင်မှုကြောင့် ၁၂ ပေ/၂၅ ပေ အခန်းတွင်း ထပ်ခိုးကြမ်းပြင်များနှင့် အောက်ထပ်ရှိ အဝတ်ထုပ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ လူမှုကူညီရေးအဖွဲ့များက ငြှိမ်းသတ်ခဲ့ကြောင်းနှင့် အလုပ်သမားပြည့်ဖြိုးအောင်အား စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုကြီးတင်


