ကိုရင်ဩ
ဂျပန်နိုင်ငံရေးလောကအတွင်း ကာလသမနိ အရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေး အကြောင်းတရားအရ ရာထူးမှနုတ်ထွက်ရန် ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ရာ တစ်ကမ္ဘာလုံး အံ့ဩသင့်သွားကြရပြီး သူ၏ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေကြောင်း နိုင်ငံတကာခေါင်းဆောင်တို့က ဆုတောင်းပတ္ထနာပြုလျက်ရှိကြသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ အာရှတိုက်၏ အထင်ကရနိုင်ငံရေးသမားကြီး၊ ပြည်ရေးပြည်ရာ အမှုတော်များစီရင်ခြင်း၌ ထုတ်ချောက်နားလည်တတ်သိသူ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ အာဘေး၏ပုံရိပ်လွှာကို ငဲ့စောင်း ကြည့်ရှုကာ စေ့ငုလေ့လာမိလေ၏။
ရှင်းပြခဲ့
ဝန်ကြီးချုပ်အာဘေးသည် နိုင်ငံတစ်ဝန်း သို့ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမှန်သား ပြင်ပေါ်မှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရာထူးမှနုတ်ထွက်ရန်သူ၏ ဆုံးဖြတ်ချက်ကို ပြည်သူပြည်သားများအား ရှင်းပြခဲ့လေသည်။
မစ္စတာအာဘေးသည် လတ်တလောတွင် ဆေးရုံသို့နှစ်ကြိမ်တိုင်တိုင် သွားရောက်ပြသခဲ့ရပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာမှု ကို ပြသနေသည်ဆို၏။
ဆယ်ကျော်သက်ရွယ် ကတည်းကပင် အူလမ်းကြောင်းဝေဒနာခံစားခဲ့ရဖူးသူ မစ္စတာအာဘေးသည် ကျန်းမာရေးအရ ဝန်ကြီးချုပ် ရာထူးတာဝန်မှ နုတ်ထွက်ရခြင်းသည် ဒုတိယအကြိမ်ရှိခဲ့ပြီဖြစ်သည်။ သူသည် ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးတာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့်ပြီးချိန်နောက်ပိုင်း အူမကြီးရောင်ရမ်းဝေဒနာကြောင့် ရာထူး မှ နုတ်ထွက်ပေးခဲ့ရသည်။
နှစ်ပေါင်းကာလရှည်ကြာ အူလမ်းကြောင်း ပြဿနာတွေ့ကြုံခဲ့ရသူ မစ္စတာအာဘေးသည် ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။ ယခုအခါ ကျန်းမာရေးအခြေအနေအရ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ရန် အချိန်မရနိုင်တော့သဖြင့် ပြည်သူများက အပ်နှင်းထားသောတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် မဖြစ်နိုင်တော့ကြောင်း သူက တောင်းပန်စကားဆိုသည်။
လတ်တလောတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းကို အချိန်ယူပြုလုပ်ရမည် ဖြစ်သဖြင့် ရာထူးမှနုတ်ထွက်ခြင်းဖြစ်သော်လည်း နိုင်ငံရေးသမားဘဝကို အဆုံးမသတ် သေးဘဲ ၂၀၂၁ ခုနှစ်တွင်ကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒရှိသေးသည်ဟုသိရလေသည်။
အတွေ့အကြုံရှိ
၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်ဖွား အာဘေးသည် ၂၀၁၂ ခုနှစ်မှစ၍ ဝန်ကြီးချုပ် တာဝန်နှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(အယ်လ်ဒီပီ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် လာခဲ့သည်။ ထိုကာလမတိုင်မီ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံ လည်းရှိလေသည်။
၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဝန်ကြီးချုပ် ယွန်နိ ချိရောကိုအိဇုမိက သူ့ကို အစိုးရအဖွဲ့အတွင်း ဝန်ချုပ်ရာထူးတွင် ခန့်အပ်ခဲ့သည်။ နောက် တစ်နှစ်အကြာတွင် အယ်လ်ဒီပီပါတီ၏ ဥက္ကဋ္ဌ အဖြစ် အာဘေးက ကိုအိဇုမိ၏အရိုက်အရာကို ဆက်ခံခဲ့သည်။
ဂျပန်အထက်လွှတ်တော် အထူးအစည်း အဝေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့စဉ်က အာဘေး၏အသက်မှာ ၅၂ နှစ်မျှသာရှိသေးပြီး စစ်ပြီးကာလ ဂျပန်နိုင်ငံ၏ အသက်ငယ်ဆုံးဝန်ကြီးချုပ်အဖြစ် သမိုင်း မှတ်တိုင်စိုက်ထူနိုင်သည်။
ပထမအကြိမ်ဝန်ကြီးချုပ်အဖြစ် တာဝန် ယူခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ကျန်းမာ ရေးအရ အနားယူခဲ့ရသော်လည်း ပြန်လည် နာလန်ထူလာခဲ့ပြီးနောက် နိုင်ငံရေး “စန်းထ မှု” အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အယ်လ်ဒီပီပါတီ၏ ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည်။ ယင်းနှစ် ဒီဇင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် အယ်လ်ဒီပီပါတီမှာလည်း သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။
အာဘေးသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတို့တွင်လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ အာဘဲကို နိုင်ငံရေးလောကအတွင်း လက်ယာယိမ်း အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် သတ်မှတ် ကြသည်။ မျိုးချစ်စိတ်ပြင်းထန်သူ ဝန်ကြီးချုပ် အာဘေးသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အရှေ့အာရှဒေသ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့နှင့်မူ ဆက်ဆံရေး မကျေမလည်ဖြစ်မှုများနှင့် တွေ့ကြုံခဲ့ရသည်။
ဘောဂဗေဒမူဝါဒ
ဝန်ကြီးချုပ်အာဘေး၏ စွမ်းဆောင်မှုများအနက် ပြောစမှတ်ပြုခဲ့ရသည်မှာ “အာဘေး နိုမစ် (Abenomics)” ဖြစ်၏။ တစ်နည်း အားဖြင့် “အာဘေး၏ ဘောဂဗေဒမူဝါဒများ” ဟုဆိုနိုင် ၏။ အာဘေးအား ဒုတိယမြောက် ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွက် တွန်းပို့ပေးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အထွေထွေ ရွေးကောက်ပွဲကာလမှစ၍ ယင်းမူဝါဒများ မိုးလုံးကျွက်ကျွက်ညံခဲ့၏။
ဂျပန်နိုင်ငံ စီးပွားရေးကျဆင်းနေချိန် စီးပွားရေးလှုပ်ရှားသက်ဝင်မှုများ ပြန်လည်အားကောင်းလာစေရေးအတွက် စီးပွားရေး လောကအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် အားကောင်းလာစေရန် ဗဟိုဘဏ်က ငွေကြေး ဆိုင်ရာမူဝါဒ ဖြေလျှော့ပေးခြင်း၊ အစိုးရအသုံး စရိတ် မြှင့်တင်ခြင်း၊ အတိုးနှုန်းများလျှော့ချ ပေးခြင်းစသည့် နည်းလမ်းများအရ ဘဏ္ဍာရေးလှုံ့ဆော်မှုပြုလုပ်ခြင်း၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအမံများဆောင်ရွက် ခြင်းတို့မှာ အာဘေး၏စီးပွားရေးမူဝါဒသစ်များ ဖြစ်လာခဲ့သည်။
ဂျပန်နိုင်ငံတွင် ဆယ်စုနှစ် နှစ်စုကြာမျှ စီးပွားရေးထိုင်းမှိုင်းနေခဲ့မှုကို ပြန်လည်ကုစား နိုင်ရန် အာဘေးက “စီးပွားရေးကုထုံးသစ်” ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးစီးကြောင်း ထောက်ပံ့မှု၊ အစိုးရအသုံးစရိတ်နှင့် စက်မှုလုပ်ငန်းကဏ္ဍယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း မြင့်မားစေမှုတို့အပေါ် “အာဘေးနိုမစ် (Abenomics)” က အလေးပေးသည်။
ဂျပန်အစိုးရသည် အတန်အသင့် ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေကာ ဂျပန်ပို့ကုန်များ တင်ပို့မှုပိုမိုသွက်လက်လာစေရန် ငွေကြေး မူဝါဒကို ပြင်ဆင်ပြောင်းလဲခဲ့သည်။ ဂျပန်စက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်လုပ်ကိုင်မှုပိုမိုအားကောင်းလာစေရန်လည်း ဥပဒေစည်းမျဉ်းသစ်များ ရေးဆွဲပေးခဲ့သည်။
ရလဒ်ကောင်းများ
“အာဘေးနိုမစ် (Abenomics)”၏ ရလဒ်ကောင်းများအဖြစ် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာခြင်း၊ လုပ်သားအင်အားစုတစ်ရပ်လုံး ခိုင်မာအားကောင်းလာခြင်း၊ ဂျပန်လုပ်သားအင်အားစုတွင် အမျိုးသမီးအရေအတွက် တိုးလာခြင်း၊ ကုမ္ပဏီကြီးများသာမက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာလည်း အကျိုးအမြတ်ရရှိမှု တိုးလာခြင်း စသည်တို့ကို တွေ့မြင်ခဲ့ကြရလေသည်။
လတ်တလောတွင်မူ ကမ္ဘာနှင့်အဝှမ်း ရိုက်ခတ်လာသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြောင့် ဂျပန်စီးပွားရေးပြန်လည်ထိခိုက်လာရချိန်တွင် တိုက်ဆိုင်မှု တစ်ခုအနေဖြင့် ကျန်းမာရေးကျဆင်းလာသော ဝန်ကြီးချုပ်၏ ရာထူးမှနုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပစ္စက္ခကာလတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ငွေကျုံ့မှု(Deflation) (ဝါ) လည်ပတ်ငွေပမာဏ လျှော့ချမှုနှင့် စစ်အင်အား တောင့်တင်းခိုင်မာရေးအလို့ငှာ စစ်ရေးအသုံးစရိတ် မြှင့်တင်ခြင်းတို့၏ အကျိုးသက်ရောက်မှုများနှင့် တွေ့ကြုံနေရသည်။
စီးပွားရေးထိုင်းမှိုင်းမှု လက္ခဏာများ ပြသလာသော ဂျပန်နိုင်ငံတွင် ငွေကြေး ဖောင်းပွမှု၊ ပြည်တွင်းဝယ်လိုအား ကျဆင်း လာခြင်း၊ လုပ်အားခတိုးတက်မှုနှုန်း နှေးကွေးလာခြင်း၊ အစိုးရကြွေးမြီ စံချိန်တင်မြင့်တက်လာခြင်း စသည်တို့ဖြစ်ပေါ်လာနေကြောင်း စီးပွားရေးပညာရှင်တို့က ထောက်ပြကြလေသည်။
ကမ္ဘာပေါ်တွင် တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်သော ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)သည် ဧပြီ-ဇွန် သုံးလပတ်ကာလတွင် ယခင် သုံးလပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်ခြင်းမရှိမီမှာပင် ဂျပန်နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေသည့် အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရခဲ့ရပြီးဖြစ်သည်။
ခြေရာနင်း
အဘိုးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း နိုဘူဆူကီကီရှီ၏ ခြေရာကိုနင်းကာ နိုင်ငံရေး လောကအတွင်းသို့ ဝင်ရောက်ခဲ့သူ အာဘေး သည် ဂျပန်နိုင်ငံကိုစစ်အင်အားခိုင်မာ တောင့်တင်းစေပြီး ကမ္ဘာ့အလယ်တွင် ကြွားကြွားဝင့်ဝင့် မားမားမြင့်မြင့် ရပ်တည်စေ နိုင်ရမည်ဆိုသော ရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
အာဘေးသည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် လွန်ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူ လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ချက်များထည့်သွင်းနိုင်ရန် အာဘေးက တစိုက်မတ်မတ် လှုံ့ဆော်စည်းရုံးခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျပန်နိုင်ငံ၏ စစ်အင်အားတိုးချဲ့တည်ဆောက်မှုကို ခွင့်ပြုပေးခြင်းမရှိသော်လည်း ကာကွယ်ရေး အလို့ငှာ စစ်အင်အားတည်ဆောက်ရေး၊ နိုင်ငံများစုပေါင်း၍ ခုခံကာကွယ်ပိုင်ခွင့်ရရှိရေးတို့အတွက် အာဘေးက ကြိုးပမ်းခဲ့ရာတွင် အငြင်းအခုံဖြစ်မှုတိုးပွားခဲ့သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် အခွင့်မသာခဲ့ချေ။
အာဘေးသည် ဝန်ကြီးချုပ်ရာထူးတွင် နောက်ထပ်တစ်နှစ် တာဝန်ထမ်းဆောင်နိုင်ရန် အခွင့်သာသော်လည်း ကျန်းမာရေးအခြေ အနေအရ နုတ်ထွက်ပေးလိုက်ခြင်း ဖြစ်သည်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌအဖြစ် လာမည့်နှစ် စက်တင်ဘာ လအထိ တာဝန်ထမ်းဆောင်ခွင့်ရှိသော်လည်း မျှော်လင့်နိုင်ခြင်းမရှိသည့် အခြေအနေ တစ်ရပ်ကို အာဘေးရင်ဆိုင်ရသည်။
မဲပေး ဆုံးဖြတ်မည်
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် အာဘေး၏အရိုက်အရာကို ဆက်ခံမည့် ပုဂ္ဂိုလ် တစ်ဦး ရွေးချယ်ပြီးချိန်အထိ အာဘေးက ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ယူမည် ဟု ခန့်မှန်းရသည်။ အာဏာရပါတီမှ လွှတ်တော်အမတ်များနှင့် ပါတီဝင်များသည် ဝန်ကြီးချုပ်သစ် ရွေးချယ်နိုင်ရေးအတွက် စက်တင်ဘာလလယ်တွင် မဲပေးဆုံးဖြတ်မည် ဟု သိရသည်။
ဝန်ကြီးချုပ်သစ်သည် လက်ရှိဝန်ကြီးချုပ် သက်တမ်းကုန်ဆုံးချိန် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူရပေမည်။ လောလောဆယ်တွင် အာဘေး၏ အရိုက်အရာကိုဆက်ခံမည့်ပုဂ္ဂိုလ်များအဖြစ် ဘဏ္ဍာ ရေးဝန်ကြီး တာရိုအာဆိုနှင့် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒါဆုဂတို့ ရေပန်းစား လျက် ရှိသည်။
အသက် ၇၉ နှစ်ရှိ အာဆိုသည် ဒုတိယ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဘေးအစိုးရအဖွဲ့၏ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
အာဘေး၏ အရိုက်အရာကို ဆက်ခံနိုင် ဖွယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆုဂကို အားထား နေသူများရှိသည်။
သို့ရာတွင် ဆုဂက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ရန်ဆန္ဒရှိပုံကို ယခင်က ထုတ်ဖော် ပြောကြားဖူးခြင်း မရှိခဲ့ချေ။
ရေပန်းစား
ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂါးရူအီရှီ ဘား၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အာဘေး ၏လက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖူမီယိုကိရှိဒါ၊ ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုတို့မှာလည်း အာဘေး၏နေရာကို ဆက်ခံနိုင်ဖွယ် ရှိသူများ အဖြစ် ရေပန်းစားလျက်ရှိလေသည်။
နာတာရှည်ရောဂါခံစားခဲ့ရသူ အာဘေးသည် အသက် ၆၅ နှစ်အရွယ်တွင် ဝန်ကြီးချုပ် တာဝန်မှ အနားယူရန် ပြည်သူပြည်သားများ အား အစီရင်ခံခဲ့ပြီးဖြစ်သည့် တိုင်အောင် ဥပဒေပြုအမတ်တစ်ဦးအဖြစ် သူ၏နိုင်ငံရေး သမားဘဝကို ဆက်လက်ရှင်သန်နေစေမည်၊ နိုင်ငံရေးလောကမှ မိမိအနားယူခြင်းမဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့ရာ သူ၏နိုင်ငံရေး အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု မျှော်လင့်ရပုံကို ကျွန်ုပ် အလေးမူမိရင်း “ဝါရင့် သမ္ဘာရင့် နိုင်ငံရေး ဝင့်ထည်သူ ”ဟု ကျူးရင့် မိပါသတည်း။ ။
Ref: Daily News Bulletin


